ကော့ကရိတ်မြို့အဝင် တံတားကျိုးကျေးရွာတွင် ယနေ့နံနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကော့ကရိတ်ဒေသခံများက ပြောသည်။
ယနေ့ ဒီဇင်ဘာလ(၁၆)ရက် နံနက်အစောပိုင်းကစပြီး ကော့ကရိတ်မြို့အနီး တံတားကျိုးကျေးရွာနှင့် ဆိပ်ဖူးကုန်း၊ ကမ္မရာကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ကာ ထိခိုက်မှုအခြေအနေကို လတ်တလော မသိရှိရသေးပါဘူး။

ဒေသခံများ၏ ပြောဆိုချက်အရ မြ၀တီ-ကော့ကရိတ်အာရှလမ်းမပေါ်ရှိသော စစ်ကောင်စီ၏ တံတားကျိုးစစ်ဆေးရေးဂိတ်နှင့် အနီးအနားရှိ စစ်ကောင်စီတပ်ရင်းကို တော်လှန်ရေးအင်အားစုများအဖွဲ့မှ သွားရောက်ပစ်ခတ်တိုက်ခိုက်သည်ဟု သိရသည်။
“(၂၃၀)တပ်မှာ ပစ်နေကြတာ၊ ဆိပ်ဖူးကုန်း ကမ္မရာတွေဖက်မှာ ပစ်နေကြတာ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ယင်းတိုက်ပွဲကြောင့် မြ၀တီ-ကော့ကရိတ်အာရှလမ်းမပေါ်ရှိ တံတားကျိုးစစ်ဆေးရေးဂိတ်ကို ပိတ်ထားပြီး ကားတန်းများလည်းပိတ်ကာ ခရီးသွားပြည်သူများ ပိတ်မိတ်နေကြသည်ဟု သွားလာနေသော ခရီးသွားများ၏ ပြောဆိုချက်အရ သိရသည်။
“ကော့ကရိတ် တံတားကျိုးစစ်ဆေးရေးဂိတ် ပိတ်၊ ကား ဆိုင်ကယ် ဘာမှသွားမရပါ” ဟု ခရီးသွားတစ်ဦးက သူ၏လူမှုကွန်ယက်တွင် ရေးသားထားသည်။
