ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့အနီး ကမိုင်းကုန်းရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ထွက်ပြေးတိမ်းရှောင်သွားသဖြင့် အဆိုပါနေရာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ဒေါနစစ်ကြောင်း ပူးပေါင်းတပ်က မီးရှို့ရှင်းလင်းလိုက်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။
ယမန်နေ့ (အောက်တိုဘာ ၂၁ရက်)က ကော့ကရိတ်မြို့ကို ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်တွင် ကမိုင်ကုန်း၌တပ်စွဲသည့်စစ်ကောင်စီတပ်က ၎င်းတို့ ယာယီတပ်စွဲသည့် နေရာကို မိုင်းများထောင်ပြီး စွန့်ခွာသွားခြင်းဖြစ်ပြီးအဆိုပါမိုင်းများကို ပူးပေါင်းတပ်ဖွဲ့ကရှင်းလင်းခဲ့ကြောင်း ၎င်း ရှင်းပြသည်။

ကော့ကရိတ်ဒေသခံတစ်ဦးကလည်း “မနေ့က သူတို့ ရုပ်သွားတဲ့အခါ ရွာလူကြီးတွေ ရှင်းပြတာက မသွားနဲ့အုံးပေါ့နော်။ အန္တရာယ်ရှိမှာစိုးလို့ပေါ့။ သူတို့(စစ်ကောင်စီ)ကလည်း KNU ဝင်ပြီးရှင်းမယ်ထင်ပြီးသူတို့အလုံးကြီး (လက်နက်ကြီး)တွေပစ်ချတယ်သုံးလုံး။ KNU ကတော့သွားပြီးတော့ ရှင်းလိုက်တာပဲ”ဟု ပြောသည်။
ကော့ကရိတ်မြို့ တိုက်ပွဲကို ကျားဖြူစစ်ကြောင်း ၊Eagle brigade ၊Lion Battalion ဗျူဟာစစ်ကြောင်း၊ Black panther Colum၊ KNLA တပ်ရင်း (၁၈) ၊Federal wings စသော ပူးပေါင်းတပ်က မနေ့က မနက်ပိုင်းမှာ ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ကလေကြောင်းနှင့် လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိသော်လည်း KNUနှင့် ပူးပေါင်းတပ်ဖွဲ့ဘက်က ကျဆုံးမှုမရှိဟု KNU သတင်းရင်းမြစ်နှင့် ကော့ကရိတ်ဒေသခံတို့က ယမန်နေ့တွင် People’s Spring သို့ ပြောကြားထားသည်။
“ဝင်စီးလိုက်တယ်။ လေကြောင်း ပြန်လာတဲ့အခါ လွတ်အောင် ရုန်းထွက်ရတာပေါ့။ ထိခိုက်မှုတော့ မရှိဘူး။ ဝင်စီးလိုက်တယ်ဆိုတာက အုပ်ချုပ်ရေးကို ပျက်ပြားအောင်လုပ်လိုက်တဲ့သဘောလည်းရှိတယ်။ နောက်ပြီး မြို့ပြင်မှာ ရှိတဲ့ တပ်စခန်းတွေ ပြန်ရုပ်ပါလို့ ပြောနေတုန်းက သူတို့ မရုပ်ဘူးလေ။ မရုပ်တော့ မြို့ကို ဝင်စီးလိုက်တဲ့သဘောမှာ အခု ကမိုင်ကုန်းကနေ ပြန်ရုပ်သွားပြီးမြို့မှာပဲ ပြန်နေရာယူကြတယ်။ ပူးပေါင်း တပ်ဖွဲ့တွေ မြို့ကို ဝင်တိုက်မှုကြောင့် မြို့ပြင်မှာရှိတဲ့ စခန်းတွေ ထိုးစစ်တွေ ပြန်ရုပ်သိမ်းပြီး မြို့တွင်း လုံခြုံရေး ပြန်ယူထားတာပေါ့”ဟု ကော့ကရိတ်ဒေသခံက ပြောကြားသည်။
ကော့ကရိတ်မြို့ကို တိုက်ခိုက်ခြင်းမှာ ရန်သူ့အုပ်ချုပ်ရေးယန္တရားလည်ပတ်မှု ရပ်တန့်စေရန်နှင့် ပြည်သူ့အုပ်ချုပ်ရေးတိုးချဲ့ရန် ဖြစ်ကြောင်း KNU သတင်းရင်းမြစ်က ပြောကြားထားသည်။
