ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူနှင့် စစ်ကောင်စီထုတ်ကုန် များကို စစ်ဆေးဖမ်းဆီးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။
TNLA တပ်မဟာ (၄) စစ်ဒေသ နမ္မတူမြို့နယ်၊ ပန်ချင်အုပ်စု၊ လုပ်လေကျေးရွာတွင် လားရှိုး နှင့် နမ္မတူအကြား ဖြတ်သန်းသွားလာသည့် ကား နှင့် ဆိုင်ကယ်များကို PSLF/TNLA အုပ်ချုပ်ရေးဌာနက သြဂုတ် ၈ ရက်တွင် စစ်ဆေးခဲ့သည်။


ထိုသို့ စစ်ဆေးရာ အချိန် ၉နာရီ ကြာမြင့်ခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ ငါးဦး နှင့် စကစထုတ်ကုန် ABC Bier (၂) ဖာ၊ Tiger Bier (၂) ဖာ၊ Speed ချိုရည် (၆)ကဒ် တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။


တအာင်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေး နှင့် စစ်ကောင်စီ ထုတ်ကုန်များ ရောင်းချစားသုံးခြင်း တားဆီးနိုင်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။
TNLA အနေဖြင့် စစ်ကောင်စီထုတ်ကုန်များရောင်းချစားသုံးခြင်း မပြုရန် အမိန့်စာကို ၂၀၂၁ ဇွန်လတွင် ဖြန့်ဝေခဲ့ပြီး အခြားဒေသများ၌လည်း ဖမ်းဆီး စစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့သည်။
