ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီး မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က ယနေ့တွင် လေကြောင်းမှ လာရောက်ပစ်ခတ်တိုက်ခိုက်လာ၍ ပြန်လည် ပစ်ခတ်ရာ ရဟတ်ယာဉ် ၁စီး စက်ချို့ယွင်းပြီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း KNU က သတင်းထုတ်ပြန်သည်။
ယနေ့ ဩဂုတ် ၈ရက် နံနက် ၁၀နာရီ တွင် စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ် ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်တွင် (၅)ကြိမ် ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီး ယင်းပစ်ခတ်မှုတွင် သစ်ပင်များကိုသာ ထိခိုက်ပျက်စီးစေခဲ့ကြောင်း ဖော်ပြထားသည်။
ထိုသို့ လာရောက်ပစ်ခတ်သည့် လေယာဉ်(ရဟတ်ယာဉ်) နှစ်စီးအနက် ၁ စီးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၉)မှ ပြန်လည်ပစ်ခတ်ခဲ့ရာ စက်ချို့ ယွင်း၍ကညင်ကျိုးကျေးရွာစာသင်ကျောင်းဝန်းအတွင်းသို့ အမြန်ဆင်းသက်ခဲ့ရကြောင်းထုတ်ပြန်သည်။

KNU ကပြန်လည်ပစ်ခတ်ရာ ထိ့မှန်၍ရဟတ်ယာဥ်စက်ချို့ယွင်းခြင်းလား ၊ပျံသန်းနေရင်းစက်ချို့ယွင်းခြင်းလာဆိုသည်ကိုမူ သတင်းထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားခြင်းမရှိသေးပေ။
ထိုသို့ လေကြောင်းမှ ပစ်ခတ်ခြင်းမတိုင်မီ ယမန်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်နှင့် KNLA တပ်ရင်း(၉)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဒိုးဒါးတာစုံမှ ကျောက်စရစ်ကျေးရွာသို့ ဝင်ရောက်လာခဲ့သော စစ်ကောင်စီတပ်နှင့် လိန်ပင်ရွာ၊ ပဲသောင်ရွာအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်ကျဆုံး မှုကိုမသိရသေးကြောင်းဖော်ပြထားသည်။
ယမန်နေ့တိုက်ပွဲတွင် KNLA တပ်ရင်း(၉)ဘက်က ထိခိုက်ကျဆုံးမရှိဟု အသိပေးထားသည်။
တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် နီးစပ်သော ကျေးရွာများဖြစ်သည့် ပဲသောင်၊ လိန်ပင်၊ ကျောက်စရစ်၊ သောင်ပု၊ အင်တိုင်းကုန်းနှင့် တောကြောင်ပေါက် စသည့်ကျေးရွာများမှ ကျေးရွာပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ထုတ်ပြန်သည်။
(စစ်ကောင်စီရဟတ်ယာဥ် နှင့် KNU ကပြန်လည်ပစ်ခတ်ရာထိ့မှန်ပြီး အရေးပေါ်ဆင်းသက်ပြီးနောက်တွေ့ရစဥ်။ ဓါတ်ပုံ-KNU)
