လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားပြီး လက်နက်များအသင့်ပြင် ထားသည့် စစ်ကောင်စီ သင်္ဘော (၆)စီးသည် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ စတင်ထွက်ခွာလာပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ထုတ်ပြန်သည်။
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းတွင် သြဂုတ်လဆန်းကတည်းက ဆိပ်ကမ်းကပ် ထားသည့် စစ်ကောင်စီသင်္ဘောများသည် ယနေ့(သြဂုတ် ၈ရက်) စတင်ထွက်ခွာ လာခြင်းဖြစ်သည်။
သံခွန်သင်္ဘောအသေးတစ်စီးနှင့်အတူ ပင်လုံ၊ပြည်သူ၊ပြဒါးရှင်၊ပတိုင်း၊ပုံညာဟု အမည်ပေး ထားသည့် သင်္ဘော ၆စီးသည် ဗန်းမော်မြို့ဘက်သို့ ဧရာဝတီမြစ် ကြောင်းအတိုင်း ဆန်တက် လာသည်ဟု Tigyaing Revolution -TRက အသိပေးထားသည်။

သင်္ဘောများ၏ အမိုးပေါ်တွင် စက်လက်များ၊အမြောက်များ ၊စနိုက်ပါများ တပ်ဆင်ထားကြောင်းနှင့် မြစ်ကမ်းဘေးပြည်သူများ ဂရုပြုနေထိုင်ကြရန် Tigyaing Revolution -TRက သတိပေးသည်။
အထက်ပါ စစ်ကောင်စီသင်္ဘောများတွင် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်သို့ ပို့မည့်လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားသောကြောင့် မြစ်ကြောင်းတလျှောက် ပြည်သူများက သတင်းပေးပို့ရန် ပြည်သူ့ကာကွယ်ရေး ရဲဘော်များက တောင်းဆိုထားသည်။
စစ်ကောင်စီသည် ချင်းတွင်းနှင့်ဧရာဝတီမြစ်ကြောင်းကို အသုံးပြုကာ စစ်ကိုင်းတိုင်း နှင့်ကချင်ပြည်နယ်သို့ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်နေသည်။ မြစ်ကြောင်းတလျှောက် ပြည်သူ့ကာကွယ်ရေးရဲဘော်များက စစ်ကောင်စီရေကြောင်းကို ကြားဖြတ်တိုက်ခိုက်ကြသည်။
