စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ကင်းတဲတစ်ခု ပစ်ခတ်တိုက်ခိုက် ခံရပြီး အကြမ်းဖက်စစ်သားတစ်ဦးသေဆုံးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့(သြဂုတ်၈ရက်) နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်က ဒီပဲယင်းမြို့ အနောက်ကွက်သစ်ရှိ စစ်ကောင်စီ၏ကင်းတဲတစ်ခု ၀င်ရောက် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ထိုကင်းသည် ဒီပဲယင်းမြို့တွင် နေ့စဥ်ခရီးသွား ပြည်သူများကို ငွေကြေးအဓမ္မခြိမ်းခြောက်တောင်းယူနေသည့် ကင်းတစ်ခုဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း၊ ထိုနောက် ဒီပဲယင်းစစ်တပ် အတွင်းမှ စစ်ကောင်စီတပ်သား ၂၀ ခန့်သည် ဆေးရုံအနီးသို့ လာရောက်၍ သေနတ်များ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုစစ်ဆင်ရေးအား မည်သည့်အဖွဲ့က ပြုလုပ်သွားသည်ကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။ အကြမ်းဖက်စစ်တပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့် ပတ်သက်၍ ထပ်မံအတည်ပြုနိူင်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းသို့ သြဂုတ်လဆန်းပိုင်းမှ စတင်ကာ တကျော့ပြန် စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဒေသခံပြည်သူ ရှစ်ဦးထက်မနည်း သတ်ဖြတ်ထားကာ နေအိမ် ၁၅၀ကျော် မီးရှို့ဖျက်ဆီး ခံထားရသည်။
