ထောင်တွင်းအစာငတ်ခံဆန္ဒပြသူများကို တရားလက်လွတ်သတ်ဖြတ်နိုင်မှုများ မပြုလုပ်နိုင်ရေး နိုင်ငံတကာက စစ်အုပ်စုကို အမြန်ဆုံးစုံစမ်းမေးမြန်းကာ ထိရောက်သောဖိအားပေးရန် အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်းလိုက်သည်။
အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားများအပေါ် သေဒဏ်စီရင်ခြင်းကို ဆန့်ကျင်သည့် ထောင်တွင်းအစာငတ်ခံဆန္ဒပြခြင်းများနှင့်ပတ်သက်၍ NUCC က ထုတ်ပြန်တိုက်တွန်းခဲ့ခြင်းဖြစ် သည်။
လက်ရှိတွင် အင်းစိန်ထောင်နှင့် အိုးဘိုထောင်အပါအဝင် ထောင်အများစု၌ နိုင်ငံရေးအကျဉ်းသားများအပေါ် သေဒဏ်စီရင်နေခြင်းကို ဆန့်ကျင်သည့် အစာငတ်ခံဆန္ဒပြခြင်းများရှိနေပြီး အကြမ်း ဖက်စစ်အုပ်စုက အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသားများကို အကြမ်းဖက်ရိုက်နှက်ခြင်း၊ တိုက်ပိတ်ခြင်းများဆောင်ရွက်နေသည့်အတွက် အစာငတ်ခံဆန္ဒပြသူများ၏ အသက်အန္တရာယ်မှာ စိုးရိမ်ဖွယ်ရာဖြစ်နေကြောင်း NUCC က ထုတ်ပြန်သည်။


ထို့အတွက် အကြမ်းမဖက်ဆန္ဒပြခြင်းဖြစ်သည့် ထောင်တွင်း အစာငတ်ခံဆန္ဒပြလှုပ်ရှားမှုများနှင့် အတူ ဖက်ဒရယ်ဒီမိုကရေစီအရေး ဆောင်ရွက်နေသူများအပေါ် တရားလက်လွတ်သတ်ဖြတ်မှုများ မပြုလုပ်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းက စစ်အုပ်စုကို အမြန်ဆုံးစုံစမ်းမေးမြန်း၍ ထိရောက်သောဖိအားပေးမှုများလုပ်ဆောင်ပေးရန် အလေးအနက်တိုက်တွန်း သည်။
NUCC သည် နိုင်ငံရေးအကျဉ်းသားများအပေါ် သေဒဏ်စီရင်နေခြင်းကို ဆန့်ကျင်သည့် ရန်သူ့လက်အတွင်း(ထောင်တွင်း) အစာငတ်ခံဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသားအား လုံး၏ တော်လှန်ရေးယုံကြည်ချက်နှင့် စိတ်ပိုင်းဖြတ်မှုကို လေးစားဦးညွတ်ဂုဏ်ပြုကြောင်းလည်း ဖော်ပြသည်။

ထို့အပြင် ထောင်တွင်းတိုက်ပွဲများကို နည်းလမ်းပေါင်းစုံဖြင့် အားပေးဝန်းရံသွားမည်ဖြစ်ပြီး တိုင်းရင်းသားပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ အမြန်ဆုံးလွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အားသွန်ခွန်စိုက်ဆထက်ထမ်းပိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUCC က ထုတ်ပြန်သည်။
