နိုင်ငံတကာက စစ်အုပ်စုကို စုံစမ်းမေးမြန်းရန် တိုက်တွန်း
တိုင်းရင်းသားပြည်သူတရပ်လုံး စစ်ကျွန်ဘဝမှ ပြတ်သားစွာ ရုန်းထွက်ဆန့်ကျင်တော်လှန်ရမည့် အချိန်ရောက်ရှိပြီဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ထုတ်ပြန်သည်။
ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို သေဒဏ်စီရင်ပြီးကြောင်း ထုတ်ပြန်ချက်မှာ စစ်အုပ်စုသည် လက်နက်အားကိုးပြီး ကမ်းကုန်အောင် ယုတ်မာရိုင်းစိုင်းစွာ ပြည်သူအပေါ် အနိုင်ကျင့်ခြင်းဖြစ်သည်ဟု NUCC က ထုတ်ပြန်သည်။

ဖက်ဒရယ်ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူများကို တရားလက်လွတ်သတ်ဖြတ်မှုများ မပြုလုပ်နိုင်စေရန် နိုင်ငံတကာက စစ်အုပ်စုကို စုံစမ်းမေးမြန်းရန် NUCC က တိုက်တွန်းသည်။
ဆက်လက်ပြီး အကြမ်းဖက်စစ်အုပ်စုအား လျင်မြန်စွာဖယ်ရှားနိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းသည် ထိရောက်သော ဖိအားပေးမှုများလုပ်ဆောင်ရန် အလေးအနက်တိုက်တွန်းသည်။
အကြမ်းဖက်စစ်အုပ်စု၏ သေဒဏ်ကွပ်မျက်ခံရသော သူရဲကောင်း ၄ ဦးအပါအဝင် မတရားသဖြင့် သေဒဏ်ချမှတ်ခံရသူအားလုံးသည် စစ်အာဏာရှင်စနစ်ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘဝတခုလုံးပေးဆပ်တိုက်ပွဲဝင်ခဲ့သူများဖြစ်၍ လေးစားဦးညွတ်ဂုဏ်ပြုကြောင်း NUCC က ဖော်ပြသည်။
