ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းယားလမ်းနှင့် သထုံလမ်း ထောင့်ရှိ အဆင့်မြင့်ပညာဦးစီးဌာနရုံး ယနေ့ (သြဂုတ် ၅) နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်။
ယနေ့ နံနက် ၆ နာရီခွဲကျော်တွင် အဆင့်မြင့်ပညာဦးစီးဌာန၏ အဆောင် (၁)တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဥ်(၂)စီး၊ စမ်းချောင်းမြို့နယ်မီးသတ် စခန်းမှ မီးသတ်ယာဉ် (၁)စီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ရာ နံနက် ၇နာရီဝန်းကျင်တွင် မီးငြှိမ်းခဲ့ကြောင်း မီးသတ်ဌာနက ထုတ်ပြန်ထားသည်။



” မနက်က ၆ နာရီခွဲကျော်ထဲက အင်းယားလမ်းဘက်ကို မီးသတ်ကားတွေ၊ လူနာတင်ကားတွေ တောက်လျောက်သွားနေတာ ကြားနေရတယ်။ နောက်မှ အဆင့်မြင့်ပညာဦးစီးဌာနမှာ မီးလောင်မှန်း သိရတာပါ။ အဆောင် (၁) ဘက်က CCTV ခန်းမှာ စလောင်တာလို့ သိရပါတယ်။ CCTV အခန်းတစ်ခန်းလုံးတော့ မီးလောင်ပြီး ပျက်ဆီးသွားတာ တွေ့ရပါတယ် “ဟု ကမာရွတ်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ပျက်ဆီးဆုံးရှုံးမှု အနေအထားနှင့် တန်ဖိုးကိုမူ မီးသတ်ဌာနက ထုတ်ပြန်ထားခြင်း မရှိသေးပေ။
