အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မတရားရယူထားသည့်ရန်ကုန်မြို့ ပြည်လမ်း ၊၆မိုင်ခွဲရှိနေအိမ်ကို ရှယ်ယာစနစ်ဖြင့် ထပ်မံရောင်းချသွားမည်ဟု NUG၏ ရှယ်ယာရောင်းချရေးအဖွဲ့ (EOD)က ထုတ်ပြန်လိုက်သည်။
စစ်ခေါင်းဆောင်မတရားရယူထားသည့် အင်းလျားလမ်း အိမ်အမှတ် ၁၄ကိုအမျိုးသားညီညွတ်ရေးအစိုးရ- NUGက ဒေါ်လာ ၁၀ သန်းဖြင့်ရောင်းချပြီးနောက်မင်းအောင်လှိုင်၏ ဒုတိယမြောက် အိမ်ကိုဒေါ်လာ ၇ သန်းဖြင့်ထပ်မံရောင်းချရန် စီစဉ်နေခြင်းဖြစ်သည်ဟုကနဦးသတင်းရရှိသည်။
“အာဏာရှင်နိဂုံး အဆုံးသတ်ဖို့အတွက် EOD ရဲ့ ဒုတိယ ပရောဂျက်ဟာInyaView@6.5 Mile ဖြစ်ပါတယ်။အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားခိုးယူထားတဲ့ ပိုင်ဆိုင်မှု နောက်တစ်ခု ဖြစ်ပြီး၊ ပရောဂျက်အသေးစိတ်ကို မကြာမီ ထုတ်ပြန်ကြေညာ သွားပါမယ်။”ဟု NUG၏ ရှယ်ယာရောင်းချရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ရှယ်ယာတစ်စုကို ၁၀၀ ဒေါ်လာ သတ်မှတ်ထားပြီး ရှယ်ယာအရေအတွက်ကိုတော့ NUGက ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ရှယ်ယာအစုအရေအတွက် ၇၀၀၀၀ ဖြင့်(ဒေါ်လာ ၇ သန်းဖြင့်)ရောင်းချမည်ဖြစ်ကြောင့် ရှယ်ယာအရောင်းကိုယ်စားလှယ်အချို့ကပြောသည်။
အဆိုပါနေအိမ်သည် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မိသားစု ရန်ကုန်တွင် နေထိုင်သည့်နေအိမ်ဖြစ်သည်ဟုလည်း သိရသည်။
ရန်ကုန်မြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမည်ဖြင့် သိမ်းယူပိုင်ဆိုင်ထားသည့် အိမ် ၄ လုံး ရှိနေပြီး ၎င်း၏ သားသမီးများ ပိုင်ဆိုင်သည့် စီးပွားရေး လုပ်ငန်းစုများစွာလည်း ရှိနေသည်ဟု NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောထားသည်။
ထို့အပြင် ရန်ကုန်မြို့တစ်မြို့တည်းမှာပင်အာဏာသိမ်းခေါင်းဆောင်နှင့် စစ်အုပ်စု သိမ်းယူ ပိုင်ဆိုင်ထားသည့် မြေကွက်ပေါင်း ၆၀ အထိ ရှိသည်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။
အာဏာသိမ်းခေါင်းဆောင်၏ အင်းယားလမ်း နေအိမ်ကို မေ ၅ ရက်က စတင်ရောင်းချခဲ့ပြီး ဇူလိုင် ၃၀ ရက်တွင် ရှယ်ယာအားလုံးရောင်းချခဲ့ပြီးဖြစ်သည်။
