မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီ တပ်သည် ကျောက်ဆောက်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသဖြင့် ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (သြဂုတ်၅ရက်) နံနက် ၉နာရီခန့်က စတင်ကာ မြိုင်မြို့နယ်အရှေ့ပိုင်း၊ ကျောက်ဆောက် ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း We Love Myaing အဖွဲ့က ပြောသည်။
“အသေးစိတ်တော့မသိရသေးဘူး။ အခုတော့ရွာသူရွာသားတွေပြေးနေရတယ်။”ဟု We Love Myaing အဖွဲ့တာဝန်ရှိသူက ပြောသည်။
ကျောက်ဆောက်ကျေးရွာကို ဇူလိုင် ၂၈ ရက်ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့ပြီး နေအိမ်၇လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို ယမန်နေ့ (သြဂုတ်၄ရက်)က စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ရဟန်းသံဃာအယောင်ဆောင် များဖြင့်ဝင်၍ ဒေသခံပြည်သူ ၂၇ ဦးခန့် ဖမ်းဆီးထားကြောင်း မြိုင်(ပ.က.ဖ)က အသိပေးထားသည်။
PDF များကိုမဖော်ပါက အိမ်မီးရှို့ပစ်မည်၊ သတ်ပစ်မည်၊ အရေးယူမည်ဟု ခြိမ်းခြောက်ကာ ပြောဆိုထိန်းသိမ်းခံထားရကြောင်း မြိုင်(ပ.က.ဖ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ကြောင့် ပြန်လည်တုန့်ပြန်သွားမည်ဖြစ်၍ မြိုင် – ပခုက္ကူကားလမ်း၌ ရဟန်းသံဃာများဖြတ်သန်းသွား လာခြင်း ခေတ္တရပ်ဆိုင်းပေးရန် မြိုင်(ပ.က.ဖ)အဖွဲ့လျှောက်ထားခဲ့သည်။
