နေပြည်တော်အကျဉ်းထောင်မှာ မတရားဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့မှာ အစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့စွဲဆိုထားတဲ့အမှုအတွက် ရုံးထုတ်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။
ရုံးထုတ်မှာတွေ့မြင်ရပုံအရ ဒေါ်အောင်ဆန်းစုကြည်ဟာနေကောင်းပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။
နေပြည်တော်အကျဉ်းထောင်ထဲမှာ အနေအစားဆင်းရဲတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ ကျန်းမာရေးကို လူထုက စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။
ဒီနေ့ရုံးထုတ်တဲ့အမှုဟာ NLD အစိုးရ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ပါမောက္ခရှောင်တာနယ်နဲ့ ပတ်သက်ပြီး စွဲဆိုတဲ့အမှုဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မစ္စတာရှောင်တာနယ်ကို ဖမ်းဆီးကာ တွေ့ရှိရတဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေကိုအကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရလက်ထက် စီးပွားရေးဝန်ကြီးတာဝန်ယူခဲ့သူတွေကို အစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့ စစ်ကောင်စီကတရားစွဲဆိုထားတာဖြစ်ပါတယ်။
