တန့်ဆည်မြို့နယ် ဗျက်ကြီးကျေးရွာကို ဝိုင်းထားသည့် စစ်ကောင်စီခါးပိုက်တောင်တပ် ပျူစောထီးအဖွဲ့ကို ဒေသကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare – KPK တပ်ဖွဲ့က ယနေ့ (သြဂုတ် ၄)ထုတ်ပြန်သည်။
သြဂုတ် ၃ ရက်နေ့ည ၁၂ နာရီခန့်တွင် ဗျက်ကြီးရွာအားဝိုင်းထားသော ပျူစောထီးအဖွဲ့ကို Guerrilla Warfare – KPK၊ TSR၊ TazeTiger၊ PLA၊ TCRF PLA၊ PRLF၊ တပ်ရင်း (၁၀)၊ တပ်ရင်း (၁၆)၊ တပ်ရင်း (၈)၊ တပ်ရင်း (၆)၊ ပကဖ နှင့် ပလဖ ပူးပေါင်းအဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ဗျက်ကြီးကျေးရွာအနီး ကင်းပုန်းချထားသော ပျူစောထီးများကို ရှာဖွေပစ်ခတ်နေစဥ် ပျူစောထီးနှင့် စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့များ စစ်ကူရောက်ရှိလာရာ ယမန်နေ့ည ၁၂ နာရီမှ ယနေ့နံနက် ၁ နာရီခွဲခန့်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၁၀ ဦးသေဆုံးသွားသည်ဟု ဆို သည်။
“ည ၁၂ နာရီအချိန်မှ ဖြစ်ပွားခဲ့သော ၁ နာရီခွဲခန့်တိုက်ပွဲတွင် ပျူခွေး ၁၀ ကောင်သေဆုံးပြီး ယခုမနက်တွင် လှည်းနှစ်စီးဖြင့် လာရောက်အလောင်းကောက်သွားသည်ကို ဒေသခံများမှတဆင့်သိရသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အထက်ပါတိုက်ခိုက်မှုအတွင်း Guerrilla fare – KPK နှင့် မဟာမိတ်တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။
