စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဧရာဝတီမြစ်ဘေးကျေးရွာများတွင် စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်နှင့်ပျူစောထီးများအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကြောင်း နတ်တောင်နဂါး(ပကဖ) ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (သြဂုတ်လ၁ရက်) နံနက်၁၀ နာရီခွဲခန့်က ရွှေဘိုမြို့နယ်အရှေ့ခြမ်း၊ဧရာဝတီမြစ်ဘေးရှိမခေါက်ရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် ပျူအင်အား ၅၀ခန့်သည် မခေါက်ရွာမှတောင်ဘက် ဟင်္သာကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့သည်။
ထိုစစ်ကြောင်းကို ကြိုတင်ပြင်ဆင်ထားသော မိုင်းကွင်းထဲအရောက်တွင် အဝေးထိန်းစနစ်ဖြင့် ရှေ့ထွက်မိုင်း ၃လုံးအား ဖေါက်ခွဲတိုက်ခိုက်ခဲ့ရာ၄ဦးသေဆုံးပြီး ၇ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်းနတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
အထိနာသွားသည့်အကြမ်းဖက်စစ်တပ်သည်လက်နက်အမြောက်အများ ရမ်းသမ်းပစ်ခတ်ကာမခေါက်ရွာဘက်သို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း နတ်တောင်နဂါးအဖွဲ့က ပြောသည်။
ထိုစစ်ဆင်ရေးကိုနတ်တောင်နဂါးတပ်ဖွဲ့နှင့်နတ်တောင်နဂါးတပ်ခွဲ(၂) ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး နတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
မခေါက်ရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူများသည် ထိုနယ်မြေတစ်ဝိုက်သို့ မကြာခဏဝင်ရောက်လျက်ရှိပြီး လက်နက်ကြီးလက်နက်ငယ်များ အသုံးပြုပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
