စစ်ကိုင်းတိုင်း မုံရွာနှင့် အရာတော်မြို့နယ်များတွင် ဒေသခံပြည်သူများအနေဖြင့် မလိုအပ်ဘဲ လမ်းပေါ်ထွက်ခြင်း၊ ခရီးသွားခြင်းများ မပြုလုပ်ကြရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးကြေညာလိုက်သည်။
မုံရွာမြို့တွင် သြဂုတ် ၃ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အနက်ရောင် စစ်ဆင်ရေး အရှိန်တိုးမြင့်မည်ဖြစ်ပါသဖြင့် အပြင်မထွက်ရန် ပြည်သူများအား မြို့ပြပြောက်ကျား ၁၄ဖွဲ့က မေတ္တာရပ်ခံထားသည်။
အလားတူ အရာတော်မြို့နယ်တွင်လည်း မလိုအပ်ဘဲ ခရီးသွားလာခြင်းများ မပြုလုပ်ကြပါရန် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အရေးပေါ်သတိပေးထုတ်ပြန်သည်။
ဩဂုတ် ၁ ရက်က မြင်းမူမြို့နယ် လက်ပံကျင်းကျေးရွာကို ဝင်ရောက်ခဲ့သော အကြမ်းဖက် စစ်ကောင်စီသားများသည် အရာတော်မြို့နယ် ကံရင်းကျေးရွာတွင် ရောက်ရှိတပ်စွဲလျက်ရှိပြီး လာမည့်ရက်ပိုင်းအတွင်း အရာတော် တောင်လက် တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာ နိုင်သည်ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးသည်။
အရာတော်မြို့ပေါ်တွင်လည်း အဝင်၊အထွက်များတွင် စစ်ဆေးတားဆီး ဖမ်းဆီးမှုများ ပြုလုပ် လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ လုံခြုံရေးအတွက် ယခုရက်ပိုင်းအတွင်း ကျန်းမာရေးကိစ္စမှလွဲ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြပါရန်နှင့် မဖြစ်မနေ သွားလာရန်လိုအပ်ပါက ဒေသခံ တော်လှန်ရေးအဖွဲ့ အစည်းများအား အကြောင်းကြား ပြီးမှသာ သွားလာကြရန် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးကြေညာထား သည်။
