အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်သည် စစ်ကောင်စီကို တိုးမြှင့်ဖိအားပေးရေး အတွက် မိတ်ဖက်နိုင်ငံများကို ဖိအားပေးသွားမည်ဟု အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများတက်ရောက်ရန် ကမ္ဘောဒီးယားသို့ ဩဂုတ် ၃ တွင်ရောက်ရှိမည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် ၎င်း၏ ယင်းခရီးစဉ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို တိုးမြှင့်ဖိအားပေးရေး ဒေသတွင်းမိတ်ဖက် နိုင်ငံများကို ဖိအားပေးတိုက်တွန်းမည်ဟု ဆိုသည်။
“နိုင်ငံခြားရေးဝန်ကြီးက ဒေသတွင်းက နိုင်ငံတွေ အားလုံးအနေနဲ့ မြန်မာပြည်သူတွေ၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ လုပ်ဆောင်နေသူအားလုံးကို အားပေးထောက်ခံမှုတိုးမြှင့်လုပ်ဆောင်ဖို့ ဖိအားပေးသွားမှာလည်း ဖြစ်ပါတယ်”ဟု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel J. Kritenbrink က ပြောသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် ကမ္ဘောဒီးယားခရီးစဉ်အတွင်း အမေရိကန်-အာဆီယံ ဝန်ကြီးများအစည်းအဝေးနှင့် အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ၏ ထိပ်သီးဆွေးနွေးပွဲများကို တက်ရောက်မည်ဖြစ်ပြီး အာဆီယံဒေသတွင်းဖိုရမ်၌လည်း မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
အဆိုပါ အစီအစဉ်သုံးရပ်စလုံးတွင် မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးမည်ဖြစ်ပြီး ဒေသတွင်းက စစ်ကောင်စီကို ပိုမိုဖိအားပေးရေးအတွက် တိုက်တွန်းသွားမည်ဟု ဆိုသည်။
ယခုတကြိမ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်လည်း မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်မပေးဘဲ နိုင်ငံရေးနှင့်မသက်ဆိုင်သူကိုယ်စားလှယ်ကိုသာ အာဆီယံက ဖိတ်ကြားထားသည်။
