စစ်ကောင်စီ၏ ယာဥ်စီးရေ ၁၀၀ကျော်ပါ စစ်ယာဥ်တန်းသည် ယနေ့ နေ့လည်ပိုင်းတွင် ကျောက်ထုမှ ပခုက္ကူမြို့သို့ ပြန်သွားပြီဖြစ်ကြောင်း ဆောမြို့နယ် ဒေသခံက ပြောသည်။
ချင်းပြည်နယ် မင်းတပ်မြို့သို့ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ပြီး ပြန်လာသည့် စစ်ယာဉ်တန်းသည် ကျောက်ထု၌ ညအိပ်ရပ်နားပြီးနောက် ယနေ့(ဇူလိုင် ၂၄ရက်) နံနက် ၁၁နာရီခန့်တွင် ကျောက်ထုမှ ပခုက္ကူမြို့ ဘက်သို့ပြန်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
“ည ပခုက္ကူ အိပ်မလား ပေါက်အိပ်မလားတော့ မသိသေးဘူး။ မင်းတပ်ကို ရိက္ခာပို့ စစ်လက်နက် ပစ္စည်းပို့ပြီး ပြန်လာတာ။ လူချိန်းတာလည်း ဖြစ်မှာပေါ့။ နောက်ကြောင်း ဆုတ်တာပေါ့။ ပြန်တာ ၁၀၂ စီး။ ကားဖြူလေး ၂စီးပါတယ် ပြောတယ်”ဟု ဒေသခံက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်မခံရရေးအတွက် ပြီးခဲ့သည့် ရက်ကတည်းက စစ်ကောင်စီ၏ ရှေ့ပြေးစစ်ကြောင်းသည် ကျောက်ထုမှ ပခုက္ကူသို့ သွားရောက်ရာ ယမန်နေ့က ကျောက်ထုနှင့် ၁၂မိုင်အကွာ ပုံတောင်ခြေ တပြင်းရွာ အနီး တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟုဆိုသည်။ ယနေ့နံနက်တွင်လည်း စစ်ကောင်စီ တပ်စစ်ကြောင်းကို ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း ထီးလင်း PDFက ထုတ်ပြန်ထားသည်။
