ထားဝယ်မြို့မရဲစခန်းမှူးကိုစစ်ကောင်စီက ဇူလှိုင် ၁၈ ရက်တွင် ဖမ်းဆီးထားကြောင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။
ထားဝယ်ရဲစခန်းအတွင်း ယခုအခါစစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲထားကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည်။
စခန်းမှုး ဒုရဲမှူး စိုးနိုင်ကို PDFများကို ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့်စစ်ကောင်စီကဖမ်းဆီးပြီး စစ်ဆေးကြောတွင် စစ်ဆေးသည်ဟုလည်း ဒေသခံအချို့ကပြောသည်။
သို့သော်လည်း ရဲအသိုင်းအဝိုင်းတွင် စခန်းမှူးသည် ဘောလုံးကိစ္စ၊ ထိုင်းနိုင်ငံသို့ တရားမဝင်အလုပ်သမားများပို့ဆောင်သည့် ကိစ္စတို့တွင် လာဒ်စားခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟုသတင်းထွက်နေသည်။
ထိုကိစ္စနှင့်ပတ်သတ်ပြီး တနင်္သာရီကာကွယ်တပ်ဖွဲ့တစ်ခုဖြစ်သည့် Tanintharyi Defense Forceက “ထားဝယ်မြို့မ ရဲစခန်းမှူးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရပါတယ်။စခန်းမှူးနှင့် ဆက်စပ်ပြီး အလုပ်လုပ်ပေးခဲ့သော ရဲများပါ မကြာခင် ထပ်မံစစ်ဆေးလာဖို့ ရှိနေပါတယ်။ကာကွယ်ရေးအဖွဲ့များနှင့် ဆက်သွယ်ပေးပို့ထားသည့် အချက်အလက်များကို အမြန်ဖျောက်ဖျက်ကြဖို့ အထူးသတိပေးပါတယ်။”ဟု ဇူလှိုင် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။
ရဲတပ်ဖွဲ့များကိုလွတ်မြောက်နယ်တွင် ကောင်းမွန်စွာလက်ခံထားပေးမည်ဟုလည်း ထုတ်ပြန်ထားသည်။
“ဒီကိစ္စကို ရဲတွေဘက်က သတင်းမထွက်အောင် ရဲတပ်သားတွေကိုလည်း ဖိအားပေးထားတယ်”ဟု ထားဝယ်မြို့မရဲစခန်းမှ ရဲမိသားစုဝင်တစ်ဦးကပြောသည်။
ရဲစခန်းမှူးကို မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးသည်ကို People’s Spring က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
“အချင်းချင်းအဝေမတည့်လို့ လက်ထောက်ချပြီးဖမ်းတာ။ ရဲနဲ့ စစ်သားပေါင်းပြီး လူမှောင်ခိုကိစ္စလုပ်စားနေကြတာ”ဟု ဒေသခံကာကွယ်ရေးတပ်နှင့်နီးစပ်သူတစ်ဦးကပြောသည်
ဒုရဲမှူးစိုးနိုင်သည် ယခင်က မောင်းမကန်နယ်မြေရဲစခန်းမှ ထားဝယ်မြို့မရဲစခန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြောင်းရွှေ့လာသူတစ်ဦးဖြစ်သည်။
