●အိန္ဒိယအစိုးရနှင့်ပူးပေါင်းဆောင်ရွက်မှု၊သံတမန်ရေးရာဆောင်ရွက်မှုများရှိနေဟု NUGနိုင်ငံခြားရေးဝန်ကြီးပြော
တမူးမြို့တွင် အိန္ဒိယနိုင်ငံသားနှစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ပစ်သတ်ခဲ့ခြင်းဖြစ်ပြီးတရားမျှတမှုရရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်အဆင်သင့်ရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)က ယနေ့ထုတ်ပြန်လိုက်သည်။
အိန္ဒိယနိုင်ငံသားများဖြစ်သော Mr. P. Mohan (၂၈ နှစ်)နှင့် Mr Aiyanar (၃၅ နှစ်) တို့အား အကြမ်းဖက် စစ်ကောင်စီ၏ထောက်တိုင်ဖြစ်သော ပျူစောထီးအဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်း ၊အမှုအား ဖော်ထုတ်ရာတွင်လည်း ပူးပေါင်းဆောင်ရွက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ထုတ်ပြန်ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသားနှစ်ဦးကို ဇူလိုင်လ (၅) ရက်၊ မွန်းလွဲ တစ် နာရီခန့်တွင် တမူးမြို့၊ စော်ဘွားရပ်ကွက်၊ အမက (၄) ကျောင်း အနီး၌ ပျူစောထီးအဖွဲ့က သေနတ်ဖြင့် ပစ်သတ်ဠခဲ့ခြင်းဖြစ်သည်။တမူးမြို့ရှိ ပျူစောထီးခေါင်းဆောင်မောင်လေးဝင်း ဆိုသူ၏ညွှန်ကြားချက်အောက်၌ ပျူစောထီးအဖွဲ့ဝင် ဖိုးစိန်နှင့် ဇော်ရဲဆိုသူတို့က သတ်ဖြတ်မှုကျူးလွန်ခဲ့ခြင်းဟု တမူးမြို့ရှိတာဝန်ရှိပြည်သူ့အဖွဲ့အစည်းများ၏တင်ပြချက်ကို ကိုးကား၍ NUG က ရှင်းလင်းထားသည်။


ထို့ပြင် အိန္ဒိယနိုင်ငံသားနှစ်ဦး၏ ရုပ်အလောင်များကို မိသားစုထံ ပြန်လည်လွှဲပြောင်ပေးခြင်းမရှိဘဲ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့အစည်းများက မီးသဂြိုဟ်ခဲ့သည်။ အသတ်ခံရသူများသည် တမီးလ်လူမျိုးများဖြစ်ပြီး မိုးရေးမြို့တွင်ကြောင်း အလွယ်တကူ စုံစမ်းသိနိုင်သော်လည်း စနစ်တကျအမှုဖွင့်ဆောင်ရွက်ခြင်း၊ အိန္ဒိယနိုင်ငံဘက်သို့အကြောင်းကြားခြင်းစသည်တို့ မပြုဘဲ ယင်းနေ့တွင်ပင် စစ်ကောင်စီက အဆောတလျင် မီးသဂြိုဟ်ဖျောက်ဖျက်ခဲ့သည်။
ထိုကြောင့်ယင်းသတ်ဖြတ်မှု၏နောက်ကွယ်တွင်စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများပါဝင်ပတ်သက်နေသည်ဟု သုံးသပ်ရသည်ဟု NUGကဖော်ပြသည်။ ထိုသတ်ဖြတ်မှုကို တမူးမြို့နှင့် မိုရေးမြို့များတွင်နေထိုင်သူ ပြည်သူအများ သိနေကြသည့်ကိစ္စဖြစ်သော်လည်းစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူဆိုသူ ဇော်မင်းထွန်းက PDFများအပေါ် လွှဲချကာ ဗြောင်လိမ်ခဲ့သည်ဟု NUGကတုံ့ပြန်သည်။
သေဆုံးသွားသည့် အိန္ဒိယနိုင်ငံသားနှစ်ဦးတို့၏ကျန်ရစ်သူမိသားစုများထပ်တူဝမ်းနည်းကြောင်းနှင့်တရားမျှတမှုရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
“အိန္ဒိယနိုင်ငံသားနှစ်ဦးအသတ်ခံရတဲ့ကိစ္စက ပျုစောထီးတွေနဲ့စစ်တပ် backupနဲ့ အိန္ဒိယinsurgent တွေ ဆက်စပ်ပြီး ဖြစ်ပွားတယ်လို့ ကျွန်မတို့ မြေပြင်သတင်းအချက်အလက်တွေအရ သိရှိရပါတယ်။ ဒီအချက်အလက်ကိုလည်း အိန္ဒိယအစိုးရက ကောင်းကောင်းသိပါတယ်။ မြေပြင်က ပီဒီအက်ဖ်တွေကလည်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ထားပြီးသားရှိသလို NUG အစိုးရအနေနဲ့လည်း မကြာသေးမီကပဲ ဒီကိစ္စကိုကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ အိန္ဒိယအစိုးရနဲ့လည်း ကျွန်မတို့ ဒီကိစ္စအပေါ် မြေပြင်အခြေအနေကို စုံစမ်းပြီးတော့ ပူးပေါင်းဆောင်ရွက်နေတာရှိပါတယ်။ သံတမန်ရေးအရ ဖြေရှင်းဆောင်ရွက်နေတာရှိပါတယ်လို့ ပြောကြားချင်ပါတယ်”ဟုNUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကလည်း People’s Spring သို့ပြောသည်။
ထို့အပြင် အိန္ဒိယနိုင်ငံသားနှစ်ဦးအား ပျူစောထီးအဖွဲ့က သတ်ဖြတ်သည့်ဖြစ်ရပ်မှာ မြန်မာ့အရေးကိစ္စသည် ပြည်တွင်းရေးကိစ္စ သက်သက်မဟုတ်ပဲ အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများ၏ လုံခြုံငြိမ်းချမ်းရေး နှင့် လူသားမျိုးနွယ်စုတစ်ရပ်လုံး၏ လုံခြုံငြိမ်းချမ်းရေးတို့ကို ထိပါးလာသည့် လူသားတိုင်းကာကွယ်တားဆီးရမည့် အရေးကိစ္စတစ်ခုဖြစ်ကြောင်းကို မီးမောင်းထိုးပြလျက်ရှိသည်ဟု ပြောကြားထားသည်။
ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ လူမဆန်ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခြင်း စသည်တို့ကို အရပ်သားပြည်သူများအပေါ်ပြုကျင့်လျက်ရှိပြီး ခိုင်လုံသောမှတ်တမ်း မှတ်ရာများကိုရရှိထားသည်ဟု NUG က အသိပေးသည်။
အိန္ဒိယနိုင်ငံသား နှစ်ဦးအသတ်ခံရသည့် ကိစ္စကို ပျူစောထီးများဆောင်ရွက်ခြင်းဖြစ်ကြောင်း အိန္ဒိယအစိုးရကလည်း သိရှိထားသည်ဟု PDF(တမူး) တာဝန်ရှိသူကပြောသည်။
“နှစ်နိုင်ငံ တင်းမာနေတယ်ပေါ့၊ ကြားထဲက စစ်ဘေးရှောင်တွေ ဒုက္ခရောက်ကျတာပေါ့အဝင်အထွက်ကို နှစ်ဖက်လုံးက ပေးမဝင်ဘူးခင်ဗျ၊ အရင်ရှိနေတဲ့လူတွေကို မောင်းမထုတ်တာ ကျေးဇူးတင်ရမယ်”ဟု PDF(တမူး) တာဝန်ရှိသူတစ်ဦးကပြောသည်။
အိန္ဒိယနိုင်ငံသားများဖြစ်သည့် အသက် ၃၅ နှစ်အရွယ် အိုင်ယာနားနှင့် အသက် ၂၈ နှစ် အရွယ် မိုဟန်တို့ကို တမူးမြို့တွင် ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းက တမူးမြို့လယ်ရှိ ပျူစောထီးများရှိနေသောစစ်ရေးဂိတ်တွင်ပျူစောထီးနှစ်ဦးကဦးခေါင်းကိုအနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ ၎င်းတို့၏ ရုပ်အလောင်းများကိုစစ်ကောင်စီတပ်ကပြန်မပေးသဖြင့် ပြန်ပေးရန် အိန္ဒိယ-မြန်မာ နယ်စပ်မြို့ မိုးရေးမြို့တွင် ဇူလှိုင် ၆ ရက်က အင်အား ၂၀၀ ဖြင့် ဆန္ဒပြခဲ့သည်။
ထိုပစ်ခတ်မှုကို PDFများက ဆောင်ရွက်ခြင်းဖြစ်သည်ဟု အကြမ်းဖက်စစ်ကောင်စီမှဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၇ ရက်ကစစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင်ပြောကြားခဲ့သည်။ ရုပ်အလောင်းများကိုလည်းဇူလိုင် ၆ ရက်မနက်ပိုင်းက မီးရှို့ သင်္ဂြိုလ်ပြီးဖြစ်ကြောင်းလည်းဇော်မင်းထွန်းကပြောသည်။
