ကေအဲန်ယူ-တပ်မဟာ ၁ နယ်မြေ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီရဲ့ထောက်ပို့ယာဉ်တန်းကို KNLA PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရဲ့ကားနှစ်စီး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ က သတင်းထုတ်ပြန်ထားပါတယ်။
ဒီကနေ့ ဇူလိုင် ၂ ရက်နေ့ မနက် ၈ နာရီကျော်အချိန်က ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ ဆီအုန်းအမှတ် ၂ လေးဒေါင့်ကန်အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ လောင်စာဆီတွေတင်ဆောင်လာတဲ့ ကားနှစ်စီးဟာ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါယာဉ်တန်းဟာ လတ်တလောမှာ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ထိုင်း-မြန်မာနယ်စပ်နားမှာရှိတဲ့ ဥကရစ်ထစခန်းဘက်ကို ပို့ဆောင်မယ့်ယာဉ်တန်းတွေဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ က ဆိုပါတယ်။
အဲ့ဒီနောက် ဒီနေ့မနက် ၁၀ နာရီ မိနစ် ၄၀ လောက်မှာတော့ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက်ကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုတွေကို မသိရှိရသေးဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
စစ်ကောင်စီရဲ့ယာဉ်တန်းကို တိုက်ခိုက်ပြီးတဲ့နောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ နဲ့ KNLA ပူးပေါင်းအဖွဲ့တွေက အထိအခိုက်မရှိပဲ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
