စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားသော ကျေးရွာတစ်ရွာအား ရပ်ဝေးရောက်နေသည့် ၎င်းကျေးရွာသူကျေးရွာသားများနှင့် ပြင်ပအလှူရှင်များက ကျပ်သိန်း၃၀၀ တန်ဖိုး ငွေနှင့်အရေးပေါ်ပစ္စည်းပေးအပ်လှူဒါန်းခဲ့ကြသည်။
ကနီမြို့နယ် ၊ရွာကြီးတစ်ရွာရှိမီးဘေးသင့်အိမ်ခြေ (၂၁၁ )အိမ်အတွက်မီးဘေးသင့်ရွာဇာတိ ဩစတျေးလျနိုင်ငံရောက်ရွာသူရွာသားများက တစ်အိမ်လျှင်ကျပ်ငွေ (၃၅၀၀၀)စီဖြင့် စုစုပေါင်း လှူဒါန်းငွေ သိန်း (၁၀၀)ကျပ်ကိုလည်းကောင်း၊ မီးဘေးသင့်ရွာ၏ အဝေးရောက် ရွာသူရွာသားများမှစုပေါင်း
အလှူခံရရှိငွေ ကျပ်သိန်း (၂၀၀)မှ တစ်အိမ်လျှင် (၅၀၀၀၀) ကျပ်စီ အသီးသီးပေးအပ်လှူဒါန်းနိုင်ခဲ့ကြောင်း ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုက ဖော်ပြသည်။




အလှူငွေပေးအပ်နိုင်ရေးအတွက်စွမ်းစွမ်းတမံပါဝင်ကူညီပေးခဲ့ကြသော အလှူခံပေးကြသည့် လူငယ်များနှင့် အလှူရှင်တစ်ယောက်ချင်းစီတိုင်းအား မီးဘေးသင့်ပြည်သူလူထုကိုယ်စားများစွာကျေးဇူးတင်ဂုဏ်ယူရကြောင်းချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုက အသိပေးသည်။


အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၂ခုနှစ် မေလကုန်အထိ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများမှ လူနေအိမ်ပေါင်း ၁၃၈၄၀ ခန့်ကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးထားကြောင်း Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။
