မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ပြီး လက်လုပ်သေနတ်တစ်လတ်နှင့် လက်ပစ်ဗုံးတစ်လုံးသိမ်းဆည်းရမိကြောင်း Seven People Defense Force အဖွဲ့က ယနေ့(ဇွန်လ၂၉ရက်) သတင်းထုတ်ပြန် သည်။
တောင်သာမြို့နယ်၊ တံတားကျေးရွာ၌ အကြမ်းဖက်စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ပျူမောင်နိုင်သည် ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ရမ်းကားပြီး ရပ်ရွာလူထူအပေါ် ခြိမ်းခြောက်ခြင်းများ အကြိမ်ကြိမ်ပြုလုပ်နေကြောင်း သတင်းရရှိ၍ မဟာမိတ်အဖွဲ့များကသွားရောက်ရှင်းလင်းခဲ့ကြောင်း Seven People Defense Forceအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အုပ်ချုပ်ရေးမှူးအား အသေပစ်ခတ်ရှင်းလင်းရာ ပွိုင့်(၂၂) လက်နက်သေနတ်တစ်လတ်နှင့် လက်ပစ်ဗုံး တစ်လုံးသိမ်းဆည်းရမိခဲ့ကြောင်း Seven People Defense Forceအဖွဲ့က ဆိုသည်။
အဆိုပါဖြစ်စဥ်အား မဟာမိတ်အဖွဲ့များဖြစ်သော မြေလတ်-PDF MGN District၊ Seven People Defense Force၊ TTA-ပြောက်ကျားတပ်(တောင်သာ)၊ Natogyi Regional Defence Force၊ 27 Revolution Forces (မြင်းခြံ)တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ၎င်းတို့ကအသိပေးသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ Seven People Defense Forceထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
ဇွန်လ၁၂ရက်ကလည်း တောင်သာ – မြင်းခြံလမ်းပိုင်းတမံကြီးရွာနှင့် နန်းမြင့်ရွာအကြားရှေ့ပြေးရဲကားတစ်စီးအား ဒေသတွင်းမဟာမိတ်အဖွဲ့များက မိုင်း သုံးလုံးဆွဲတိုက်ခိုက်ခဲ့ရာ မြို့နယ်မှူးအပါအဝင်လေးဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။
