ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ထိတွေ့မှုများရှိနေပြီး ဒေသခံပြည်သူများ စစ်ဘေးရှောင်နိုင်ရန်ကူညီပေးနေကြောင်း YDF(Htilin)တာဝန်ရှိသူက People’s Springသို့ ပြောသည်။
လက်ရှိ ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုဖြင့် ရွှေအောင်သာ၊ထန်းပင်ကုန်းနှင့် ထီးလင်း – မင်းတပ်ဒေသအစပ် ပလုံတီကျေးရွာတို့တွင် ရှိနေသည်ဟု ဆိုသည်။

“ဒီမနက် ထန်းပင်ကုန်းရွာ နားမှာ ကျွန်တော်တို့ တပ်ခွဲတစ်ခု စခတပ်ကို ခြုံခိုတိုက်တယ်။သူတို့ဘက်က လက်နက်ကြီးတွေ အသုံးပြုပြန်ပစ်ခတ်နေတယ်။ဒီလောက်ပဲ အကြမ်းဖျင်းပြောနိုင် သေးတယ်။ပြီးတော့ ပလုံတီမှာလည်း CDF မင်းတပ်နဲ့ စခတပ် တိုက်ပွဲဖြစ်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
ထို့ကြောင့် လတ်တလောတွင် ထီးလင်းနယ်ရှိ ထန်းပင်ကုန်းရွာအပါအဝင် နီးစပ်ရာ ဒေသခံများမှာ ယနေ့(ဇွန် ၂၉ ရက်) နံနက်ပိုင်းကစ၍ စစ်ဘေးရှောင်နေရကြောင်း ၎င်းက အသိပေးသည်။

မေလ နောက်ဆုံးပတ်ကစ၍ ထီးလင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က အင်အား ၃၀၀ရာ ခန့် ထပ်မံဖြည့်တင်းခဲ့ခြင်းဖြစ်ကာ ဒေသတွင်းနယ်မြေစိုးမိုးမှုကို အသာစီးယူရန် ကြိုးပမ်းနေခြင်းဟု ယောဒေသစစ်ရေးစောင့်ကြည့်သူတစ်ဦးက သုံးသပ်သည်။

“နယ်မြေစိုးမိုးမှုကို သူတို့ တောက်လျှောက်လုပ်နေတယ်။အဓိကတော့ ပြည်သူတွေ စစ်ဘေးရှောင်နေရတာတွေကြောင့် စိတ်အားမငယ်ဖို့ပါပဲ။မြေပြင်စစ်ရေးအရ အချိန်မရွေးတိုက်ပွဲတွေ ပြင်းထန်ဖို့လည်း ရှိနေတယ်”ဟု ၎င်းက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေချိန်တွင် ဂရုတစိုက်သွားလာနေထိုင်ကြ ရန်လည်း YDF(Shwe Som Nyo)က တိုက်တွန်းသည်။
