Total ၏ အမေရိကန်ဒေါ်လာ သန်း ၂၅၀ နှင့် ရှယ်ယာများ အကြမ်းဖက်စစ်အုပ်စုထံ မရောက်ရှိရေးအတွက် ပြင်သစ်အစိုးရကို ဦးတည်ဆန္ဒပြသည့်လှုပ်ရှားမှုတွင် ပါဝင်ပေးရန် Blood Money- သွေးစွန်းငွေက တောင်းဆိုထားသည်။
လာမည့် ဇူလိုင် ၂၀ တွင် Total စွမ်းအင်ကုမ္ပဏီသည် မြန်မာနိုင်ငံမှထွက်ခွာမည်ဖြစ်သော်လည်း အကြမ်းဖက်စစ်အုပ်စုကို ဒေါ်လာ သန်း ၂၅၀ နှင့် အကျိုးအမြတ်များစွာကို ပေးခဲ့ရန် ပြင်ဆင်နေရာ ပြင်သစ်အစိုးရ၏ အခန်းကဏ္ဍသည် အဆုံးအဖြတ်ပေးမည့် အဓိကနေရာတွင် ရှိနေသည်။


“ကလေးငယ်တွေ၊ လူငယ်တွေ၊ မြန်မာပြည်သူအားလုံးကို ထပ်မံသတ်ဖြတ်မယ့် ငွေကြေးတွေ စစ်အုပ်စုဆီမရောက်ဖို့ အားလုံးပါဝင်တားဆီးဖို့ မဖြစ်မနေလို့ပါတယ်” ဟု Blood Money က တိုက်တွန်းသည်။


ပြင်သစ်အစိုးရအနေဖြင့် Total ကို ကင်းလွတ်ခွင့်များမပေးရန်၊ ပြင်သစ်သမ္မတအနေဖြင့် Total က ရာဇဝတ်မှုများကို ထောက်ပံ့နေခြင်းအား ရပ်တန့်ရန် စသည့် တောင်းဆိုဆန္ဒပြလှုပ်ရှားမှု များတွင် ပါဝင်ရေးတိုက်တွန်းထားသည်။

ဖေ့ဘုတ်လူမှုကွန်ရက်သာမက Twitter လူမှုကွန်ရက်၌လည်း #2022Jun17Coup၊#FreezePaymentsToJunta၊ #NoExemption၊ #WhatsHappeningInMyanmar စသည့် Hashtags များဖြင့် ယနေ့(ဇွန် ၁၇ ရက်)တွင် ပူးပေါင်းပါဝင်ပေးရန် တောင်းဆိုထားသည်။
ထိုအပြင်ဓါတ်ပုံတင်၍၊ လက်မှတ်ထိုး၍ လှုပ်ရှားမှုတွင်ပါဝင်ရန်လည်းဖော်ပြထားသည်။
