အာဏာသိမ်းစစ်ကောင်စီတက်ရောက်ခွင့်မရတဲ့ အိန္ဒိယ − အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးဟာမနေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာကျင်းပပြီးစီးသွားပါပြီ။
အစည်းအဝေးမှာ ယူကရိန်းစစ်ပွဲ ၊ အင်ဒို − ပစိဖိတ်ဒေသအရေးနဲ့ ဒေသတွင်းမှာ တရုတ်ရဲ့လွှမ်းမိုးလာမှု ကိစ္စရပ်တွေကိုထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကိုအာဆီယံအဖွဲ့ရဲ့ဆုံးဖြတ်ချက်မူအတိုင်း အစည်းအဝေးတက်ရောက်ခွင့် အိန္ဒိယက မဖိတ်ပေမယ့် အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ပူးတွဲထုတ်ပြန်ချက်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီးထည့်သွင်းဖော်ပြတာမျိုးမရှိဘူးလို့ အိန္ဒိယဘက်က သတင်းဌာနတွေမှာဖော်ပြကြပါတယ်။

အိန္ဒိယ − အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမစတင်မီ နှစ်ရက်အလိုက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကိုနေပြည်တော်မှာ အိန္ဒိယ သံအမတ်ကြီးဟာ သွားရောက်တွေ့ဆုံထားတာရှိပါတယ်။
အိန္ဒိယ − အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးကို အိန္ဒိယနဲ့အာဆီယံကြားဆက်ဆံရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ်အနေနဲ့ကျင်းပတာလည်းဖြစ်ပါတယ်။
