စစ်ကောင်စီအား လက်နက်ကိုင်တိုက်ခိုက်ရေး အရှိန်မြင့်လာသည့် ဧရာဝတီတိုင်းတွင် ကျိုက်လတ်မြို့မှ စစ်ကောင်စီထောက်တိုင် ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ရှင်းလင်းခဲ့သည်။
ကျိုက်လတ်မြို့နယ် တဲ့တဲ့ကူးကျေးရွာ(ဒေသအခေါ် ဒတဲ့ကူးကျေးရွာ)အုပ်ချုပ်ရေးမှူးကို ယမန်နေ့(ဇွန် ၁၅ ရက်)ညနေတွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ဖျာပုံခရိုင် ဧရာဗေဒါတပ်ပေါင်းစုက ထုတ်ပြန်သည်။
“ကျိုက်လတ်မြို့နယ်၊တဲ့တဲ့ကူးကျေးရွာအုပ်ချုပ်ရေးမှူးအား ဇွန်လ ၁၅ရက် ညနေ ၃နာရီတွင် အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါသည်”ဟု ဖျာပုံခရိုင် ဧရာဗေဒါတပ်ပေါင်းစုက ထုတ်ပြန်သည်။
အထက်ပါ စစ်ကောင်စီထောက်တိုင်ရှင်းလင်းရေးကိုဖျာပုံခရိုင် ဧရာဗေဒါတပ်ပေါင်းစုနှင့်အတူဗိုလ်ငမန်းဦးဆောင်သောဧရာ၀တီတိုက်ငမန်းပြောက်ကျားတပ်ဖွဲ့ ၊ ကျိုက်လတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဧရာဝတီတိုင်းတွင် မေလမှစတင်ကာ ပြည်သူ့ကာကွယ် ရေးတပ်များက စစ်ကောင်စီတပ်အား တိုက်ခိုက်မှုများ အရှိန်မြင့်လာသည်။
ဇွန်လ၂ရက်ကလည်း ကွင်းကောက်မြို့ရှိ စစ်ကောင်စီ၏အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကို ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့သည်။ ယင်းနေ့တွင်ပင် အင်္ဂပူမြို့ရှိ စစ်ကောင်စီ၏ မိုင်တဲတာဝါတိုင်တစ်တိုင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖြိုလှဲခဲ့သည်။ မေလကုန်ကလည်း ဓနုဖြူမြို့အခြေစိုက်စစ်ကောင်စီတပ်ရင်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲဲ့က တိုက်ခိုက်ခဲ့သည်။
ထို့အပြင် ဇွန်လ ၁၇ရက်ကလည်း ငရုတ်ကောင်းမြို့၊ ဆင်ငံကျေးရွာအနီးတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ခဲ့သည်။ ထိုအတော အတွင်း အင်္ဂပူမြို့တွင် စစ်ကောင်စီရပ်ကွက်အုပ်ချုပ်ရေးမှုးကို စွန်ရဲနီပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦးက ပစ်ခတ်ရှင်းလင်းစဥ် စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီး ယင်းလူငယ်နှစ်ဦး အသတ်ခံလိုက်ရသည်။
ရန်ကုန်တိုင်းနှင့် ထိစပ်နေသော ဧရာဝတီတိုင်းကို စစ်ကောင်စီက တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး စစ်ဆေးရေးဂိတ်များကို သဲအိတ်အထပ်ထပ်ဖြင့် ရုပ်ပျက်ဆင်းပျက်ကာရံထားပြီး စစ်ဆေးနေသည်ကို တွေ့ရသည်။
