ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှ စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှုးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ကသေနတ်ဖြင့်ပစ်ခတ်၍ရှင်းလင်းလိုက်ကြောင်းဖျာပုံခရိုင်ဧရာဗေဒါ တပ်ပေါင်းစုကထုတ်ပြန်သည်။
ကျိုက်လတ်မြို့နယ်၊ တဲ့တဲ့ကူးကျေးရွာ(ဒေသအခေါ် ဒတဲ့ကူးကျေးရွာ)အုပ်ချုပ်ရေးမှူးကို ယမန်နေ့(ဇွန် ၁၅ရက်)ညနေက သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျိုက်လတ်မြို့နယ်၊တဲ့တဲ့ကူးကျေးရွာအုပ်ချုပ်ရေးမှူးအား ဇွန် ၁၅ရက်ညနေ သုံးနာရီတွင် အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါသည်” ဟု ဖျာပုံခရိုင်ဧရာဗေဒါတပ်ပေါင်းစုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးကိုပစ်ခတ်ရှင်းလင်းခြင်းကိုဖျာပုံခရိုင် ဧရာဗေဒါတပ်ပေါင်းစုနှင့်အတူဗိုလ်ငမန်းဦးဆောင်သောဧရာ၀တီတိုက်ငမန်းပြောက်ကျားတပ်ဖွဲ့ ၊ကျိုက်လတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုပါရှိသည်။
ဧရာဝတီတိုင်းတွင် မေလမှစတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်အားတိုက်ခိုက်မှုများ အရှိန်မြင့်လာသည်။
ဇွန်လ ၂ ရက်ကကွင်းကောက်မြို့ရှိစစ်ကောင်စီတပ်၏အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကို ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့သည်။ ထိုနေ့တွင်ပင် အင်္ဂပူမြို့ရှိ စစ်ကောင်စီ၏ မိုင်တဲတာဝါတိုင်တစ်တိုင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖြိုလှဲခဲ့သည်။
မေလကုန်ပိုင်းကလည်း ဓနုဖြူမြို့အခြေစိုက်စစ်ကောင်စီတပ်ရင်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကတိုက်ခိုက်ခဲ့သည်။ ဇွန် ၇ရက်ကငရုတ်ကောင်းမြို့၊ ဆင်ငံကျေးရွာအနီးတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ခဲ့သည်။ ထိုအတောအတွင်းအင်္ဂပူမြို့တွင်စစ်ကောင်စီရပ်ကွက်အုပ်ချုပ်ရေးမှုးကို စွန်ရဲနီပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦးကပစ်ခတ်ရှင်းလင်းစဥ်စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရပြီး ယင်းလူငယ်နှစ်ဦး အသတ်ခံလိုက်ရသည်။
ရန်ကုန်တိုင်းနှင့် ထိစပ်နေသော ဧရာဝတီတိုင်းကိုစစ်ကောင်စီက ယခုနောက်ပိုင်းတွင် စစ်ဆေးရေးဂိတ်များ၌သဲအိတ်များအထပ်ထပ်ဖြင့် တင်းတင်းကြပ်ကြပ်စစ်ဆေးနေကြောင်းဒေသခံများကပြောသည်။
