ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသောစစ်ကောင်စီတပ်များမိုင်းကွင်းမိပြီးသုံးဦးသေဆုံးသွားကြောင်းYaw Defense Force – Saw ကယနေ့(ဇွန်၁၅)ထုတ်ပြန်သည်။
စစ်ကောင်စီတပ်များသည် ဆောနယ် လက်မွန်ရွာသို့ ဇွန် ၁၃ ရက်ကစပြီးဝင်ရောက်တပ်စွဲခဲ့ရာYDF – ဆောတပ်ရင်း(၉)နှင့် တပ်ရင်း(၁၀) ပူးပေါင်းတပ်များက စစ်ကောင်စီတပ်၏ လှုပ်ရှားမှုကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။
ထိုစဥ်ဇွန် ၁၃ ရက်နေ့ညနေ ၃ နာရီခွဲတွင်စစ်ကောင်စီတပ်မှ စနိုက်ဘာသမားတစ်ဦးနှင့် လမ်းပြနှစ်ဦးတို့သည် လက်မွန်ဘုရားကုန်းပေါ်တက်၍ ကင်းထောက်နေခဲ့သည်မှာနောက်တစ်နေ့(ဇွန် ၁၄ )မနက်အထိဖြစ်သည်။

ကင်းထောက်ပြီးနောက် နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီတပ်ဆက်ကြောင်းလက်မွန်ရွာမှထွက်လာရာYDF-ဆော တပ်ရင်း(၉)၏ မိုင်းကွင်းအား လမ်းပြဒလန်၏သတင်းပေးမှုအရ သိရှိသွားပြီး မိုင်းကွင်းအား ရှောင်ကွင်းသွားခဲ့ကြောင်း ဖော်ပြသည်။
ထို့ကြောင့် YDF ပူးပေါင်းတပ်များမှ နေ့လယ် ၁ နာရီခန့်တွင် စစ်ကောင်စီတပ်များ တပ်နယ်လွန်ပြီယူဆကာ တပ်ဆုတ်ခဲ့ရာ နာရီဝက်ခန့်အကြာတွင်YDF-ဆောတပ်ရင်း(၁၀) ဘက်မှ မိုင်းသုံးလုံးကွဲကာ သေနတ်သံများကြားခဲ့ရသည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းပေါက်ကွဲမှုမှာ YDF တပ်ရင်း(၁၀) စခန်းအတွင်းစစ်ကောင်စီတပ်များဝင်ရောက်စဥ် မိုင်းကွင်းမိခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့သော်လည်း လူအင်အား၊ လက်နက်အင်အားမမျှသဖြင့် YDF တပ်ရင်းများ တပ်ဆုတ်ခဲ့ရကြောင်းဖော်ပြသည်။
ထို့နောက် စစ်ကောင်စီတပ်များမှာ အလောင်းသုံးလောင်းကိုထမ်း၍ ကျောက်စစ်ချောင်းမှထွက်လာပြီး ကျောက်စစ်ဘုန်းကြီးကျောင်းအတွင်းဝင်မွှေကာ လယ်ကြီးအိုင်ရွာ၊ ယင်းမှတဆင့် မိုင်းကွင်းများရှောင်၍ ကံကြီးဘက်သို့ ဆက်ထွက်သွားကြောင်း ဆက်လက်အသိပေးထားသည်။
