ရွှေဘိုမြို့နယ်၊ မခေါက်ကျေးရွာတွင် စက်လှေဖြင့်လာ သည့် စစ်ကောင်စီတပ်ကို ပျူစောထီးများက မှားယွင်းပစ်ခတ်မိရာမှ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်သည်။
ယနေ့(ဇွန် ၁၅ ရက်)နေ့လည် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့သည့် အထက်ပါဖြစ်စဥ်အရ စဥ့်ကူးမြို့နယ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ကို မခေါက်ရွာပျူစောထီးများက ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။
“မခေါက်ရွာမြောက်ဘက်မှာ ဖြစ်တာ။လတ်တလော အတိအကျသိရတာက မော်တော်မှာက စစ်ကောင်စီတပ်သားက ၂၀ ကျော်လောက်ပါတယ်။နှစ်ဦးသေပြီတော့ တစ်ဦးဒဏ်ရာပြင်းတယ်”ဟု နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်စနေက People’s Springသို့ ပြောသည်။
အဆိုပါ မှားယွင်းပစ်ခတ်မှုကို ပျူစောထီးများက PDF များစောင့်တိုက်ခြင်းဟု မှားယွင်းသတင်းထုတ်လွှင့်နေကြောင်းလည်း ၎င်းကဆက်ပြောသည်။
ရွှေဘိုမြို့နယ်အခြေစိုက် တပ်မ(၃၃)လက်အောက်ခံ ခလရ(၄၂)တပ်ရင်းသို့မေလနောက်ဆုံးပတ်ကစ၍စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။
“ကျွန်တော်တို့ ခန့်မှန်းအရဆို အင်အား ၇၀၀ ဝန်းကျင်ရှိနိုင်တယ်”ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
လက်ရှိစစ်ရေးအခြေအနေကြောင့်လည်း ရွှေဘိုမြို့အပါ အဝင် ယင်းဒေသနှင့်ဆက်စပ်သည့် လမ်းပိုင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားလာခွင့်ယာယီပိတ်ပင်
သည့် သတိပေးချက်များ မကြာခဏထုတ်ပြန်လျှက်ရှိသည်။
