စစ်ကိုင်းတိုင်း ကလေးမြို့ရှိ တာဟန်းရပ်ကွက် ဘောလုံးကွင်း၌ အင်အား ၁၂၀ကျော်ဖြင့် တပ်စွဲရန်ပြင်ဆင်နေသည့် စစ်ကောင်စီတပ်နှင့်ရပ်ကွက်အတွင်း မီတာခလိုက်လံကောက်နေသည့် စစ်ကောင်စီတပ်တို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် တာဟန်းဘောလုံးကွင်း၌ တပ်စွဲရန်ပြင်ဆင်နေစဉ် ယနေ့ နံနက် ၉နာရီမှ ၁၀နာရီအထိ သွားရောက်ပစ်ခတ်ခဲ့ပြီး ရပ်ကွက်အတွင်း လျှပ်စစ်မီတာခကောက်နေသည့် စစ်ကောင်စီတပ်တို့ကိုလည်း CNDFနှင့်ပူးပေါင်းအဖွဲ့က တပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CNOက ဆိုသည်။

ဘောလုံးကွင်းအတွင်း တပ်စွဲရန် ရောက်ရှိနေသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် နှစ်ဦးသေ ဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။ထို့အပြင် မီတာခကောက်ခံနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင်လည်း နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စခတွေ(စစ်ကောင်စီ)တပ်က မြို့ထဲမီတာခ အသည်း အသန်ကောက်နေတာ အခုလို ဝင်ပစ်စေချင်တာကြာနေပြီ”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွင် ဒေသခံကာကွယ် ရေးတပ်များက ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
