မုံရွာမြို့တွင် စစ်အာဏာရှင်အားဆန့်ကျင်ပြီး လျှပ်စစ်မီတာခမပေးဆောင်ဘဲနေသည့် နေအိမ်များမှ မီတာပုံးလိုက်ဖြုတ်သော လျှပ်စစ်ဝန်ထမ်းနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ရာ တစ်ဦးကျည်ထိမှန်ခဲ့သည်။
မုံရွာမြို့စက်မှုဇုန်ရပ်ကွက် ဇီဇဝါလမ်းတွင် ယနေ့(ဇွန် ၁၅ရက်)နံနက် ဆယ်နာရီခန့်က ယင်းကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံတစ်ဦးက People’s Spring သို့ ပြောသည်။
“လျှပ်စစ်ရုံးကကောင် နှစ်ကောင်လာပြီး မီတာပုံးလာဖြုတ်တာ။ ဖြုတ်နေတဲ့အချိန် သေနတ်နဲ့အပစ်ခံရတာ။ တစ်ကောင် ထိသွားတယ်။ မုံရွာဆေးရုံမှာ”ဟု မြို့ခံတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခံရသူနှစ်ဦးမှာ မုံရွာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူးဦးနိုင်ဆန်းလင်းနှင့်ဒုလက်ထောက်ကြီးကြပ်ရေးမှူးဦးနေဝင်းထွန်းတို့ဖြစ်သည်။ တစ်ဦးမှာ သေနတ်ကျည်ထိမှန်၍ မုံရွာဆေးရုံတွင် ကုသမှုခံယူနေပြီး ဦးနိုင်ဆန်းလင်းမှာ ထွက်ပြေးသွားကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို ယနေ့ညနေအထိ မသိရသေးပေ။
