ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ သေဒဏ်ဖျက်သိမ်းနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ကတိပြုကြေညာသည်။

အကြမ်းဖက်စစ်အုပ်စု၏ သေဒဏ်စီရင်ချက် အတည်ပြုမှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချ ကြောင်းနှင့် ယင်းလုပ်ရပ်သည် မြန်မာနိုင်ငံ ဥပဒေများနှင့် တရားစီရင်ရေးစနစ်၊ နိုင်ငံတကာ ကျင့်ဝတ်နှင့် ဥပဒေများကို ပြောင်းပြောင်းတင်းတင်းချိုးဖောက်ခြင်းဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အပေါ် ချမှတ်သော သေဒဏ်စီရင်ချက်ကို အတည်ပြုသည့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်သည် ဥပဒေကြောင်းအရာ တရားဝင်မှုမရှိကြောင်း NUCC က ဖော်ပြသည်။
နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကာ ဆိုးရွားသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများကျူးလွန်သည့် စစ်အုပ်စုကို အရေး ယူနိုင်ရေး၊ ကျူးလွန်ခံရသည့် ပြည်သူများအနေဖြင့် တရားမျှတမှုရရှိစေရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ မူဝါဒချမှတ် ဆောင်ရွက်သွားမည်ဟုလည်း NUCC က ကြေညာ သည်။
ထို့အပြင် နိုင်ငံတကာတရားစီရင်ပိုင်ခွင့်(Universal Jurisdiction) အပါအဝင် နိုင်ငံတကာခုံရုံးများတွင် အပြစ်ပေးအရေးယူနိုင်ရေးလှုပ်ရှားမှုများကို မူဝါဒအရ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်သည်။
