စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ကို KIAနှင့် အင်းတော် PDFပူးပေါင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးကြောင်း Indaw Revolution က အသိပေးထုတ်ပြန်သည်။
ယနေ့(ဇွန် ၁၄ ရက်)နံနက် ၉နာရီခွဲခန့်တွင် အင်းတော်မြို့နယ် အလယ်ဆိပ်ရွာဘက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုဖြင့် စစ်ထိုးလာပြီးနောက် ထိတွေ့မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
“မြေပြင် သတင်းအရ ရန်သူအင်အားက ၉၀ကျော်တယ်။တပ်မ (၈၈) က KIA ရယ်၊ အင်းတော် PDF နဲ့ ဒေသခံ တပ်ဖွဲ့တွေ ပူးပေါင်းတိုက်တာ။ တိုက်ပွဲကြာချိန် ၄ နာရီကျော်တယ်”ဟု Indaw Revolution တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
သေဆုံးထိခိုက်ခဲ့သည့် စစ်ကောင်စီတပ်သားများကို စစ်ကောင်စီတပ်က ပြန်လည်သယ်ဆောင်သွားပြီး မဲဇာဒေသတွင် တပ်စွဲထားသည်ဟု ၎င်းက အသိပေးသည်။
KIAနှင့် အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း Indaw Revolutionက ဆိုသည်။
စစ်ကောင်စီလက်အောက်ခံ တပ်မ(၈၈)စစ်ကြောင်းသည် ကချင်ပြည်နယ်မှတစ်ဆင့် ဆင်းလာမည့် ကျောက်စိမ်းယာဥ်များကို လုံခြုံရေးယူရန် ယခုလ ၁၁ ရက်ကစ၍ အင်းတော်မြို့တွင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
