ကန့်ဘလူမြို့နယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်အရာရှိအချို့အပါအဝင် ၆၀ဦးခန့်အထိ့သေဆုံးနိုင်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ကန့်ဘလူမြို့နယ်ကိုးတောင်ဘို့တိုက်နယ်အတွင်းရွာများကိုလိုက်လံမီးရှို့ပြီး အင်ဂုံရွာဘက်သို့ ထွက်ခွာသွားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များကဝိုင်းပတ်ပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“နှစ်ပွင့်ကောင်နှစ်ကောင် ဒဏ်ရာရတယ်။ ခြေထောက်ပါ ပြတ်သွားတယ်လို့ကြားတယ်။ သုံးပွင့်ကောင်ကတော့သေတယ်။ အကိုတို့( ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ) အဲ့ဒီလို လိုက်ဖြုတ်ခဲ့တာ”ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

ကန့်ဘလူမြို့နယ်တွင် ရက်ပိုင်းအတွင်းရွာခုနှစ်ရွာမှအိမ်ခြေငါးရာခန့်ကိုစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်အဆိုပါစစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် လက်စားချေသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြောခဲ့ပြီး နောက်လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ရွာများကို လိုက်လံမီးရှို့ခဲ့သောစစ်ကြောင်းမှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်–စကခ(၁၀)လက်အောက်ခံတပ်ရင်းများဖြစ်သော မော်လိုက်အခြေစိုက် ခမရ ၃၆၅ ၊ ဟုမ္မလင်းအခြေစိုက် ခမရ ၃၆၇ နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်ကို အင်အား ၁၂၀ခန့်ဖြင့် ဇွန် ၂ရက်မှစကာစစ်ကြောင်းထိုးခဲ့ကာ ရွာများကို လိုက်လံမီးရှို့ပြီး ပြန်ထွက်ခွာရာလမ်းတစ်လျှောက်တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက သုံးရက်ဆက်လိုက်လံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ဇွန် ၁၃ရက်တွင် ချပ်သင်းနယ်သို့ ဝင်ရောက်သွားရောက်သော အင်အား ၁၂၀ ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းမှာအင်အား ၆၀ ခန့်သာ ကျန်တော့ကြောင်းအထက်ပါ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ကို ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂)၊ ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးတပ်၊လင်းယုန်နီကန့်ဘလူ၊ကျွန်းလှမြို့နယ်ပြည်သူကာကွယ်ရေးတပ်၊ဒေသခံ ပ.က.ဖ များ၊မဟာမိတ်ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။မိုင်းများကြောင့်စစ်ကောင်စီတပ်အထိ့နာခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရ စစ်ကောင်စီတပ်မှ ဗိုလ်နှင့် သေဆုံးသွားသော ဗိုလ်ကြီးရုပ်အလောင်းကို ဇွန်လ ၁၂ ရက်နေလည်တွင် MI-17 ထောက်ပို့ ရဟတ်ယာဥ်ဖြင့် လာရောက်သယ်ဆောင်သွားကြောင်းလည်းဒေသတွင်းစစ်ရေးသတင်းများဖော်ပြပေးနေသာ Infinity Group ကဖော်ပြသည်။ အောက်ခြေအဆင့်ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်နှင့်ရိက္ခာလာပို့သောကားများဖြင့် ပြန်တင်ပေးလိုက်ကြောင်းလည်းအသိပေးထားသည်။
ဇွန် ၉.ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်သေဆုံးထိ့ခိုက်မှုများပြားခဲ့ပြီးကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေတပ်ရင်း ၂ မှ PDF နှစ်ဦးကျဆုံးခဲ့သည်။
စစ်ကာင်စီတပ်က မီးရှို့ဖျက်ဆီးမှုများကြောင့် ကိုးတောင်ဘို့၊ချပ်သင်း၊ချပ်ကြီး၊ပင့်သာဒေသရှိ ကျေးရွာပေါင်း၂၀ကျော်မှဒေသခံ နှစ်သောင်းကျော်လည်းစစ်ဘေးသင့်နေပြီးဆေးဝါး၊စားနပ်ရိက္ခာအကူအညီများနှင့်အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ကန်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ ကထုတ်ပြန်သည်။
