KNU သထုံခရိုင်တပ်မဟာ(၁)၊ သထုံမြို့နယ် KNLA တပ်ရင်း(၂)နယ်မြေအတွင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ ၁၇ဦးခန့်ရှိကြောင်း ကျိုက်ထိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မ တော်တပ်ရင်း – ၃က ထုတ်ပြန်သည်။
“အခုထိလည်း တိုက်ပွဲက မငြိမ်သေးဘူး။ ရန်သူ့ဘက်က တိုးလာလို့ ကြားဖြတ်တိုက်နေတာ”ဟု ကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
တိုက်ပွဲမှာ ယနေ့(ဇွန် ၁၄ ရက်) နံနက် ၆နာရီခွဲခန့်က စတင်ခဲ့ပြီး ဝီယော်-ထုံးဘိုလေး-ပိန္နဲတော လမ်းပိုင်းတွင် KNLA ဦးဆောင်၍ ပူးပေါင်းတပ်ဖွဲ့များဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကောင်စီလက်အောက်ခံတပ်များမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေ၍လည်း တိုက်ပွဲအနီးရှိ ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲနေပြီး ပြည်သူများထိခိုက်မှုကို မသိရသေးဟု ဆိုသည်။
ယခုလဆန်းပိုင်းကစ၍ KNU တပ်မဟာ(၁)နယ်မြေအတွင်း အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ကို နှစ်ကြိမ်တိုင်ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်ထားသည်။
