ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA) တပ်မဟာ(၂)တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု KNU တောင်ငူခရိုင်အတွင်း သတင်းများဖော်ပြနေသည့် Taw Oo Karen News က ဖော်ပြသည်။
KNU တောင်ငူခရိုင် တပ်မဟာ (၂) တပ်ရင်း (၆) နယ်မြေရှိ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ စစ်ကောင်စီအခြေစိုက် ခလရ(ခြေလျင်တပ်ရင်း) ၇၃တပ် နှင့် KNLA ၊ ထန်းတပင် PDF ပူးပေါင်းတပ်တို့ ယမန်နေ့( ဇွန် ၁၂ရက်) ည ၉နာရီခန့်မှစ၍ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲတွင်စစ်ကောင်စီတပ် ၃ဦး သေဆုံးကာ ၄ဦးဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပူးပေါင်းတပ်ဖွဲ့က ၄၀မမ ဖြင့် ပစ်ခတ်ခဲ့ရာမှစ၍အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ကရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိကြောင်း တပ်ဖွဲ့ဝင် တစ်ဦး၏ပြောကြားချက်ကိုလည်းဖော်ပြသည်။
