ကလေးမြို့နယ်မှ PDF အချို့ စစ်ကောင်စီထံ ခိုလှုံလာကြောင်း သတင်းထုတ်ပြန်မှုသည် ဟာသသက်သက်ဖြစ်ပြီး အမှန်တကယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသာKalay PDF ထံ လက်နက်ချ၍ပြည်သူနှင့်ပူးပေါင်းမှုများရှိကြောင်းကလေး PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြည်သူ့ကာ့ကွယ်ရေးတပ်ဖွဲ့ဝင်များ လက်နက်စွန့်ပါက ကြိုဆိုမည်ဟု စစ်ကောင်စီက ယမန်နေ့(ဇွန် ၁၁ရက်)ညတွင် ဖော်ပြလာပြီး တစ်ဆက်တည်းတွင် PDF တပ်ဖွဲ့ဝင်ငါးဦး ၎င်းတို့ထံ ခိုလှုံလာသည်ဟု စစ်ကောင်စီက ဝါဒဖြန့်ခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွင် သင်တန်းတက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိဘဲ ပြန်လည်ခိုလှုံလာသူ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဇွန်လ ၆ ရက်တွင်မိဘထံ ပြန်အပ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများက ထုတ်ပြန်ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ထုတ်ပြန်မှုသည် ၁၀၀ ရာခိုင်နှုန်းမှားယွင်းသည့်သတင်းဖြစ်ပြီး အလွန်ရယ်စရာကောင်းသည်ဟုကလေး PDFမှ ဆေးမှူး ဆရာမဒေါ်ရတီအုန်းက ပြောသည်။
” ကလေးဘက်က PDF တွေ အလင်းဝင်တယ်ဆိုတာတော့ ဟာသလို့ပဲပြောရမယ်ရှင့်။ တကယ်တမ်းတော့ စစ်ကောင်စီဘက်ကပဲPDF Kalay ဘက်ကို လက်နက်ချတယ်။ အလင်း
ဝင်တယ်။ CDM လုပ်တယ်။ ထွက်ပြေးလာတယ်။အဲ့ဒီလို ပုံသဏ္ဍန်မျိုးစုံနဲ့ တဖွဲဖွဲ ဝင်ရောက်နေတာရှင့်” ဟုဆရာမဒေါ်ရတီအုန်းက ပြောသည်။
စစ်ကောင်စီက တစ်ဖက်လှည့်ဖြင့် ရည်ရွယ်ချက်ရှိရှိ သတင်းမှားထုတ်ပြန်ခြင်းဖြစ်ဟုကလေးPDF ဆေးမှူးကဆက်ပြောသည်။
ပြည်သူ့ကာ့ကွယ်ရေးတပ်ဖွဲ့ဝင်များလက်နက်စွန့်ပါက ကြိုဆိုမည်ဟု သတင်းထုတ်ပြန်မှုသည် ပြည်သူလူထု၏ခုခံတော်လှန်စစ်အား မနိုင်တော့ဘဲ အရေးနိမ့်တော့မည့်အခြေအနေကို ကြောက်လန့်ကာ စစ်ကောင်စီက လေသံပျော့လာခြင်းဟု နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က မှတ်ချက်ပြုသည်။
” ဒီထုတ်ပြန်ချက်က ပြည်သူ့လူထုတော်လှန်ရေးကို နောက်တစ်ဆင့် အရှိန်မြှင့်လာစေမယ်လို့ ကျွန်တော်ထင်တယ်။ PDFကို အပြတ်နှိမ့်နင်းမယ်လို့ ကြိမ်းဝါးခဲ့တာကနေ အခုတော့ လေသံပျော့လာတာ။ စစ်ကောင်စီ ကျရှုံးတော့မယ်ဆိုတာ မြင်နေရပြီ” ဟု စစ်ကောင်စီတော်လှန်ရေးတွင် ပါဝင်နေသည့် တက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။
