မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး နေအိမ် ၃၀နီးပါး မီးလောင်ပျက်စီးကာ မသန်စွမ်းအဘွားအို တစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်း မြစ်များက ပြောသည်။


စစ်ကောင်စီတပ်သည် ယမန်နေ့ (ဇွန်လ ၉ရက်)နံနက် ၆နာရီခန့်က သဲတောရွာကို အင်အား ၂၀၀ခန့်ဖြင့် လက်နက်ကြီး ၊လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ခဲ့သည်။ ထို့နောက် နံနက် ၁၁နာရီခွဲခန့်တွင် ရွာရှိအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မီးလောင်ကျွမ်းနေစဥ် ထွက်မပြေးနိုင်၍ အောက်ပိုင်းမသန်သူ အသက် ၆၇ နှစ်အရွယ် ဒေါ်အေးမှာ မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

စစ်ကောင်စီတပ်သည် သဲတောရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ထော်လာဂျီ (၁) စီး၊ ဆိုင်ကယ် အစီး (၃၀)ကျော်နှင့် အခြားအဖိုးတန်ပစ္စည်းများလည်း လုယူသွားကြောင်း Yesagyo Informationက ဖော်ပြသည်။
အလားတူ ယနေ့ (ဇွန်လ ၁၀ ရက်)နံနက်ပိုင်းတွင်လည်း ယမန်နေ့က ဆင်ဖြူရှင်တံတား တိုက်ခိုက်ခံရမှုဖြစ်စဥ်ကြောင့် တံတားအနီး ရေစကြိုမြို့နယ်အတွင်းရှိ သစ်ခေါက်ဆိပ်၊ ပိတ်သင်းကပ် ၊ ဝက္ကတော၊သစ်ကြီးတော စသည့် ကျေးရွာများကို ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြော သည်။
