စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ၏ ဖော်ပြချက်များအရသိရသည်။
တိုက်ပွဲဖြစ်ပွားသည့် ဒေသများမှာ ဝန်းသို့မြို့နယ် နမ်းခမ်းကျေးရွာ၊ ဂျိုးတောင်ကျေးရွာနှင့် တောင်ဘို့လှကျေးရွာများအနီးတွင် ဇွန်လ ၅ ရက်မှ ၇ရက် (ယနေ့) အထိ ဖြစ်ပွားလျက်ရှိသည်။
ထို့ကြောင့် နမ်ခမ်း၊ ဂျိုးတောင်နှင့် တောင်ဘို့လှ အနီးဝန်ကျင်ကျေးရွာများအပါအဝင် ကျေးရွာရှစ်ရွာမှ ဒေသခံပြည်သူ ၅,၄၃၄ ဦးခန့် စစ်ဘေးရှောင်နေရကြောင်း ဝန်းသို အခြေစိုက်တော်လှန်ရေးအင်အားစု WR Team က ယနေ့(ဇွန် ၇) အသိပေးထုတ်ပြန်သည်။
နမ်းခမ်းရွာအနီးတွင် ဇွန်လ ၅ ရက် ညနေပိုင်းကဖြစ်ပွားသော ထိတွေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်(ဝန်းသို)မှ ရဲဘော်ခြောက်ဦး ထိခိုက်ဒဏ်ရာရထားပြီး တစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်းလည်း WR Team က အသိပေးသည်။
ဝန်းသိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များသည် ယမန်နေ့(ဇွန် ၆)ညပိုင်းတွင် ဝင်ရောက်သောင်းကျန်းကာ နေအိမ်အချို့အား မီးရှို့ဖျက်ဆီးပြီးနောက် ယနေ့နံနက်ပိုင်းတွင် တောင်ဘို့လှရွာသို့ဝင်၍ မီးရှို့ဖျက်ဆီးမှုများဆက်လက်ကျူးလွန်နေကြောင်း သိရသည်။
