စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ တပါယ်အင်းကျေးရွာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံပြည်သူတစ်ဦးသတ်ဖြတ်ခံရကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၅ရက် ညနေ၃နာရီခွဲခန့်က ချောင်းဦးမြို့နယ်၊ အမြင့်တိုက်နယ်ရှိ တပါယ်အင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ကံကြီးကုန်း၊ ကင်မွန်းတော်ရွာတို့မှ ပျူစောထီးများက ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စုစုပေါင်း အိမ်ခြေ၇၀ကျော်ရှိသည့်အနက် နေအိမ် လေးလုံးခန့်သာကျန်ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးသွားကြောင်း မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
“ရွာလုံးကျွတ်နီးပါးပဲ။ တော်တော်ဆိုးတယ်။ ကျွန်တော်တို့လည်း ကူညီထောက်ပံ့ဖို့တွေ စီစဥ်နေပါတယ်”ဟု Farmers Revolution Force FRF(CHU)အဖွဲ့တာဝန်ရှိသူက ပြောသည်။
မီးရှို့ဖျက်ဆီးခြင်းမခံရမီ နေ့လယ် ၁နာရီခန့်က ထိုအကြမ်းဖက်အုပ်စုနှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ချောင်းဦးမြို့နယ်၊ကံဇီးကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း Farmers Revolution Force FRF (CHU)အဖွဲ့က ပြောသည်။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး ၁၅ လတာကာလအတွင်း စစ်ကိုင်းတိုင်းရှိ ကျေးရွာများမှ နေအိမ် ၁၃,၈၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar က ဖော်ပြထားသည်။ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းအထိ အိမ်ခြေ ၇,၅၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး မေလတစ်လတည်းတင် အိမ်ခြေ ၆,၃၀၀ ကျော်ရှိခဲ့သည်။
