ကိုဂျင်မီ၊ကိုဇေယျာသော်အပါအဝင် ၄ ဦးအပေါ် စစ်ကောင်စီရဲ့ သေဒဏ်အမိန့်ချတဲ့ လုပ်ရပ်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
ပြည်သူတွေ လုံးဝလက်မခံဆန့်ကျင်နေတဲ့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ ဥပဒေမဲ့ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းမှု ၊သတ်ဖြတ်မှု ၊ စစ်ဆေးစီရင်မှုနဲ့ သေဒဏ်အပြစ်ပေးမှုတွေအားလုံးကို CRPHက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံချထားပါတယ်။
ဒီလုပ်ရပ်တွေမှာ နည်းလမ်းမျိုးစုံနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်နေသူအားလုံးဟာ ရာဇဝတ်မှုမြောက်တဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့လုပ်ရပ်ဖြစ်လို့ တရားဥပဒေအရ အရေးယူအပြစ်ပေးတာကိုခံရမယ်လို့ CRPH က သတိပေးထားပါတယ်။
အပြစ်ပေးအရေးယူနိုင်ဖို့ကိုတော့ CRPH အနေနဲ့ ပြည်တွင်းပြည်ပတော်လှန်ရေးအင်အားစုတွေ ၊နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီဟာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဇေယျာသော်တို့အပါအဝင် ၄ ဦး ကို ကွပ်မျက်ဖို့ စစ်ခုံရုံးက ချမှတ်ထားတဲ့သေဒဏ်ကိုအတည်ပြုခဲ့ပါတယ်။
ဒီလုပ်ရပ်အပေါ် အမေရိကန်အပါအဝင်နိုင်ငံတကာက ပြင်းပြင်းထန်ထန်ဝေဖန်ထားကြပါတယ်။
