နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ရဟတ်ယာဉ်ကိစ္စနဲ့ပတ်သက်ပြီး အဂတိနဲ့ စစ်ကောင်စီက စွပ်စွဲထားတဲ့အမှုမှာ သက်သေဖြစ်တဲ့ စာချုပ် ကို ရုံးချိန်း ၂ ချိန်း ရှိလာသည့်တိုင် တရားလိုဘက်ကမတင်ပြနိုင်သေးဘူးလို့သိရပါတယ်။
မြန်မာလိုဘာသာပြန်ထားတဲ့စာချုပ်ကို တရားလို ဖြစ်တဲ့စစ်ကောင်စီ အဂတိကော်မရှင်က အရာရှိဟာ မတင်ပြနိုင်သေးတာလို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေသိရပါတယ်။
သက်သေစာချုပ်ကိုပြီးခဲ့တဲ့မေလ ၃၀ ရက် ရုံးချိန်းမှာ တင်ပြဖို့သတ်မှတ်ခဲ့ပေမယ့် မတင်ပြနိုင်တာကြောင့် ဒီနေ့ ဇွန်လ ၆ ရက် ရုံးချိန်းကို ချိန်းဆိုခဲ့တာပါ။ ဒါပေမယ့် ဒီနေ့ ရုံးချိန်းမှာလည်း တရားလိုဘက်က မြန်မာပြန် စာချုပ်ကိုမတင်ပြနိုင်ခဲ့ဘူးလို့သိရပါတယ်။
NLD အစိုးရလက်ထက်မှာ သဘာဝဘေးအန္တရာယ်အရေးအတွက် အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီးကို ဌားရမ်းတာနဲ့ အီတလီထုတ် ရဟတ်ယာဉ်တစ်စီးကို ဝယ်ယူခဲ့တာရှိပါတယ်။
ဒီလို ရဟတ်ယာဉ်ဌားရမ်းရာမှာ စာချုပ်ပါ ဌားရမ်းနာရီမပြည့်ဘဲ ငွေအပြည့်ပေးချေတာ ၊ ရဟတ်ယာဉ်ဝယ်ယူရာမှာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနဲ့မကိုက်ညီတာတွေကြောင့် နိုင်ငံဘဏ္ဍာထိခိုက်တယ်ဆိုကာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် ၊သမ္မတ ဦးဝင်းမြင့် ၊လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို တရားစွဲတာဖြစ်ပါတယ်။
စွဲဆိုထားတဲ့ပုဒ်မဟာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မလည်းဖြစ်ပါတယ်။
ဓာတ်ပုံ − AFP
