၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာ သုံးတယ်ဆိုပြီး သမ္မတ ဦးဝင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကို ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့ မနေ့ က စစ်ကောင်စီတရားရုံးက စွဲချက်တင်လိုက်ပါတယ်။
စစ်အုပ်စုဟာ ရွေးကောက်ပွဲ မဲမသမာမှုအကြောင်းပြကာ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲမှာမသမာမှု လုပ်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲတာဖြစ်ပါတယ်။
တရားလိုကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်လို့သိရပါတယ်။
စွဲချက်တင်လိုက်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) ဟာ အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အထိချလို့ရသလို ငွေဒဏ်လည်းချနိုင်တဲ့ပုဒ်မဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဟာ ပုဒ်မ ၆ ခုအတွက် ထောင်ဒဏ် ၁၁ နှစ် ချထားပြီး တစ်ဒါဇင်ကျော်အမှုတွေနဲ့ ဆက်လက်တရားစွဲထားဆဲဖြစ်ပါတယ်။
ဓာတ်ပုံ − AP
