စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းစစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုပိုမိုပြုလုပ်လာသောကြောင့်နယ်မြအတွင်းလမ်းပိုင်းများအား သတိထားသွားလာကြရန်ဒေသတွင်းသတင်းများဖော်ပြပေးနေသည့် Infinity Group က အသိပေးသည်။
ယခုအခါအကြမ်းဖက်စစ်ကောင်စီတပ်သည်ကန့်ဘလူမြို့နယ်အတွင်းစစ်ရေးလှုပ်ရှားမှုများယခင်ကထက်ပိုမိုလုပ်လာနေသည်။ထို့ကြောင့်ကန့်ဘလူမြို့နယ်အတွင်း ခရီးသွားလာမည့် ပြည်သူများအနေဖြင့် လမ်းကြောများအား အရေးပေါ် မဖြစ်မနေကိစ္စရပ်များမှလွဲ၍ သွားလာခြင်းမပြုလုပ်ကြပါရန် အသိပေးကြောင်း နှိုးဆော်ထားသည်။
ကန့်ဘလူ–နတ်အင်း–စံပယ်နံ့သာလမ်းကြောတစ်လျှောက် အကြမ်းဖက်စစ်ကောင်စီတပ်သား (၂၅၀) ဝန်းကျင် တပ်ချထားသည်ဟု သတင်းရရှိ၍ အသွားအလာ မလုပ်သင့်ကြောင်း၊ အဆိုပါနယ်မြေတွင် ဖုန်းလိုင်းများလည်း ဖြတ်တောက်ထားကြောင်း Infinity Group က ပြောသည်။
ကန့်ဘလူမြောက်ခြမ်း မတည်မငြိမ်အခြေအနေများကြောင့် ကန့်ဘလူ–ကျွန်းလှ–ပင့်သာ–ချပ်ကြီး–ချပ်သင်း–ကိုးတောင်ဘို့–ကောလင်း လမ်းပိုင်းအား အသွားအလာမလုပ်သင့်ကြောင်းလည်း Infinity Group က ပြောသည်။
အထက်ပါဒေသများရှိ ကျေးရွာအများစုမှ ထောင်နဲ့ချီသောပြည်သူများ စစ်ကောင်စီတပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ရွှေဘို–မြစ်ကြီးနား ဗျူဟာလမ်းပိုင်းအား ညနေ ၆ နာရီမှ နံနက် ၅ နာရီအတွင်း အသွားအလာမလုပ်သင့်ကြောင်း Infinity Group က သတိပေးသည်။
ပျူစောထီးပေါများသောဒေသများသည့်အထူးသဖြင့် ကန့်ဘလူမြို့နယ် ဇီးကုန်း၊ကာဘိုး၊ထန်းကုန်း၊မြေထူး ဒေသများအတွင်း ဖြတ်သန်းသွားလာမည်ဆိုပါက နီးစပ်ရာဒေသရှိ အသိမိတ်ဆွေများနှင့် ဆက်သွယ်ပြီးမှသာအသွားအလာလုပ်သင့်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက အကြံပြုသည်။
လွန်ခဲ့သည့် ရက်ပိုင်းက ရွှေဘိုဘက်မှ ၁၂ ဘီးကား ၄ စီးဖြင့် ကန့်ဘလူဘက်သို့ စစ်သားများ၊ရိက္ခာများ ထပ်မံဖြည့်တင်းလာကြောင်း Infinity Groupက ဖော်ပြထားသည်။
