မန္တလေးတိုင်း၊ ညောင်ဦး – မြင်းခြံလမ်းပိုင်းတွင် မိုင်းတွေ့၍ ဆင်းဖြုတ်သည့် အကြမ်းဖက်စစ်ကောင်စီယာဥ် မိုင်းပေါက်ကွဲ၍ အကြမ်းဖက်စစ်သား လေးဦးသေဆုံးကြောင်း Seven People Defense Forceက သတင်းထုတ်ပြန်သည်။
ယနေ့ (မေလ ၃၁ ရက်) နံနက်၉နာရီ မိနစ် ၂၀ဝန်းကျင်တွင် ညောင်ဦး – မြင်းခြံလမ်း ၊ ကုန်းပုထိုးလမ်းခွဲအနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် အဆိုပါလမ်းပေါ်၌ ဒေသတွင်းအဖွဲ့များ တပ်ဆင်ထားသော မိုင်းအား ရှာတွေ့၍ ကားပေါ်မှဆင်းဖြုတ်ရာ မိုင်းပေါက်ကွဲသွားခြင်းဖြစ်ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သား လေးဦးသေဆုံးပြီး ထပ်တိုးအခြေအနေ စုံစမ်းနေဆဲဖြစ်ကြောင်း Seven People Defense Forceက ပြောသည်။
“သီးကုံးကျေးရွာနားမှာ ဟိုက်ဂျက်ကားတစ်စီးနဲ့ နောက်ထပ်စစ်ကားတစ်စီး မိုင်းဆွဲခံရတယ်လို့ပြောတယ်။”ဟု နယ်ခံတစ်ဦးက ပြောသည်။
အဆိုပါစစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃) (မြေလတ်-PDF MGN District ၊ Seven People Defense Force ၊TTA – ပြောက်ကျားတပ်ဖွဲ့) ၊ 27 Revolution Force ၊ Natogyi Regional PDF၊ The Value of Young Menအဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က အသိပေးသည်။
ပြီးခဲ့သည့် မေလ ၂၀ ရက်ကလည်း ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ရွာတွင် ပျူစောထီးများ သွေးသောက်အဖွဲ့ ဖွဲ့စည်းရန်အစည်းအဝေးလုပ်နေစဥ် ဒေသတွင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူသုံးဦးထက်မနည်း သေဆုံးခဲ့သည်။
