မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူ-မန္တလေး လမ်းမကြီးပေါ်တွင်စစ်ကောင်စီတပ်ယာဥ်တစ်စီး တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သားနှစ်ဦးသေဆုံးကြောင်း ရေစကြို PDFက သတင်းထုတ်ပြန်သည်။
ယနေ့(မေလ ၂၈ရက်) နံနက် ၉နာရီခွဲ ခန့်က ရေစကြိုမြို့နယ်၊ ပခုက္ကူ-မန္တလေးလမ်း၊ဇီးကုန်းကျေးရွာနှင့် ဆင်ချောင်းကျေးရွာကြားရှိ လယ်ကြီးတံတားအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ယာဥ်တစ်စီးကို မိုင်း(၂)လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ရေစကြို PDFက ပြောသည်။
စစ်ကားမှာ လမ်းဘေးထိုးကျသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးဝန်းကျင်များကို ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အကြမ်းဖက်စစ်သား သေဆုံးထိခိုက်မှုနှင့်ပတ်သက်၍ People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။Yesagyo PDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး လက်တလောပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပြည်သူများအနေဖြင့် စစ်ကားများအနီးနားသို့ ကပ်မလိုက်ရန် Yရေစကြို PDF က သတိပေးသည်။
မေလ ၂၄ ရက်နေ့က ရေစကြိုမြို့နယ်နှင့် မြိုင်နယ်အစပ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသတွင်း PDF များ တိုက်ပွဲဖြစ်ပွားရာ ရေစကြို PDF အဖွဲ့မှ အသက် ၂၀ အရွယ် ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။
