စစ်ကောင်စီတပ်သား ၆ ဦးသေဟုဆို
ချင်းပြည်နယ် ထန်တလန်မြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းကို CDF(ထန်တလန်)နှင့် ချင်းအမျိုးသားတပ်(CNA)တို့ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့သည်ဟု CDF(ထန်တလန်)က ထုတ်ပြန်သည်။
ယမန့်နေ့ (မေ ၂၇ ရက်)က ထန်တလန်မြို့တွင်း၌ ညနေ ၅နာရီမှ ၉နာရီအထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CDF(ထန်တလန်)ကဆိုသည်။
အဆိုပါ တိုက်ပွဲအတွင်း CDF(ထန်တလန်)တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်သည်သည်။
“တိုက်ပွဲဖြစ်တိုင်း စစ်ကောင်စီတပ်တွေက အိမ်ကို မီးရှို့နေတာ၊ အခုလည်း သူတို့ အထိနာရင် အိမ်တွေကို မီးရှို့မှာ စိုးရိမ်နေကြတာ”ဟု စစ်ဘေးရှောင်နေသည့် ထန်တလန်မြို့ခံတစ်ဦးကပြောသည်။

ထိုအတူ မေလ ၂၃ ရက် နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ထန်တလန်မြို့တွင်းတိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုနေ့တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်က ထန်တလန်မြို့၊ အမှတ် (၁) ရပ်ကွက်ကို မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်ကောင်စီတပ်သည် ထန်တလန်မြို့ကို မေလ ၂၃ ရက်အထိ မီးရှို့ခဲ့သည်မှာ ၂၈ ကြိမ်ရှိပြီး စုစုပေါင်း နေအိမ်ပေါင်း ၁,၀၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။
ထန်တလန်မြို့ကို စစ်ကောင်စီတပ်က အကြမ်းဖက်မီးရှို့ခဲ့ခြင်းကြောင့် မြို့ခံပြည်သူ တစ်သောင်းကျော်သည် နီးစပ်ရာ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများနှင့် အိန္ဒိယနိုင်ငံဘက်ခြမ်းကို တိမ်းရှောင်နေကြရသည်။
