ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးမီးလော့ရွာ အောက်ဘက်ရှိ စစ်ကောင်စီတပ်စခန်းကို ဒုတိယ အကြိမ်ရှင်းလင်းခဲ့ရာ လက်နက်ကြီးကျည်နှင့် ဗုံးသီးများ၊ ကျည်များသိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၃) က သတင်းထုတ်ပြန်သည်။

အဆိုပါ ဆီးမီးလော့ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းအဖွဲ့က မေလ ၂၄ရက်တွင် သွားရောက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားသော် လည်း မိုင်းများထောင်ထား၍ ဖယ်ရှားပြီး ဖောက်ခွဲဖျက်ဆီးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါနေရာကို ဒုတိယအကြိမ် ရှင်းလင်းရာတွင် ရရှိခဲ့သည့် စစ်ကောင်စီတပ်၏ ပစ္စည်းများကို ဓာတ်ပုံဖြင့် ဖော်ပြခဲ့ရာ လက်နက်ကြီးကျည်၊ အီနာဂါဗုံးသီး၊ ဗုံးပစ်လောင်ချာကျည်များ၊ မိုင်း၊ ကျည်အိမ်နှင့် ကျည်များ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။
ဖယ်ခုံအင်းအရှေ့ဘက်ကမ်းတွင် KNDF အပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ မေလ ၁၅ရက်မှ စတင်၍ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က ၃၀ကျော်သေဆုံးခဲ့ပြီး ကာကွယ် ရေးပူးပေါင်းတပ်မှ ရဲဘော် ၆ဦးကျဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်။
