မကွေးတိုင်း၊ ဂန့်ဂါမြို့နယ်တောင်ပိုင်းရှိ ယောဒေသကာကွယ်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ရဟတ်ယာဥ်လေးစီးဖြင့်တိုက်ခိုက်နေသည်ဟု YDF တာဝန်ရှိသူက People’s Springသို့ အတည်ပြုသည်။
ယနေ့(မေ ၂၆ ရက်) နံနက် ၁၁နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က ဂန့်ဂေါမြို့နယ်တောင်ပိုင်း မြစ်သာဆည်အနီးတစ်ဝိုက်ရှိ အရာရှိရိပ်သာကုန်းအနီး ထိုးစစ်ဆင်လာခြင်းဟု ဆိုသည်။

“အဲဒီမှာကျွန်တော်တို့ YDFရဲ့ စခန်းတစ်ခုရှိတယ်။ရဟတ်ယာဥ် လေးစီးနဲ့ကို လာပစ်တာ။အခုတော့သုံးစီး တပ်ပြန်ဆုတ်သွားတယ်။ တစ်စီးက ထပ်ကင်းထောက်နေတုန်းပဲ”ဟု YDF တာဝန်ရှိသူက ယနေ့ နေ့လယ် ၁၂ နာရီတွင် ပြောသည်။
စခန်းအား ရဟတ်ယာဥ်များဖြင့် တိုက်ခိုက်စီး နင်းခံရမှုတွင် ရဲဘော်များ ထိခိုက်ကျဆုံးမှု ရှိ၊မရှိကို မစိစစ်ရသေးဟုလည်း ၎င်းက ဆက်ပြောသည်။
လာရောက်ပစ်ခတ်သည့် ရဟတ်ယာဥ်များသည် Mi 35 နှင့် Mi 17 အမျိုးအစားများဖြစ်ကြောင်း လည်း အသိပေးသည်။
လက်ရှိတွင် မြစ်သာဆည်ပတ်ဝန်းကျင်ရှိ ပနန်း၊စင်ပုံ၊ယင်းမာ နှင့် စံပယ်ကျေးရွာတို့မှ ပြည်သူများ ထွက်ပြေးနေရသည်ဟုလည်း သိရသည်။
