ရန်ကုန်နှင့် မန္တလေးမြို့ကြီးအပါအဝင် နိုင်ငံအတွင်း ဓာတ်ဆီ(အောက်တိန်းဆီ)ပြတ်လပ်နေပြီး နေရာအများစုတွင် ဝယ်ယူမရတော့ကြောင်း ဓာတ်ဆီဝယ်ယူရန်ဝယ်ရသောနေရာလိုက်ရှာနေသူများကသည်။
ရန်ကုန်မြို့ရှိ ဆီဆိုင်တချို့တွင် အောက်တိန်း ၉၅ နှင့် အောက်တိန်း ၉၂ ( ဓာတ်ဆီ) ဝယ်ယူရသေးသော်လည်း နိုင်ငံအတွင်းရှိ မြို့အများစုတွင် မေ ၂၁တွင်ဓါတ်ဆီ ဝယ်ယူ၍ မရတော့ကြောင်း ဆိုင်အများစုကကြေညာထားသည်။
“ရန်ကုန်မှာ ဆီထည့်ဖို့ဆို တန်းစီနေရတယ်။တချို့ဆိုင်တွေ 95 (အောက်တိန်း-၉၅) မရတော့ဘူး။ ရတဲ့ဆိုင်ကလည်း ဈေးတွေ အရမ်းတက်နေပြီ ”ဟု မေ ၂၁ ရက်တွင် စက်သုံးဆီဖြည့်ခဲ့သူတစ်ဦးကပြောသည်။

ရန်ကုန်မြို့ရှိ ဆီဆိုင်များတွင် အချိန်ပေးတန်းစီနေရခြင်းကြောင့် အငှားယာဉ်မောင်းများသည် မှောင်ခိုရောင်းသည့် ဆီဆိုင်များကို ချိတ်ဆက်ဝယ်ယူနေရသည်ဟု အငှားယာဉ်တစ်ဦးကပြောသည်။
ဈေးကွက်အတွင်း ပရီမီယံ ဒီဇယ်မှာလည်း ဝယ်ယူရ ခက်ခဲနေပြီး ငွေကြေးတက်နိုင်သူအချို့က ဆီပေပါလိုက်ဝယ်ယူစုဆောင်းမှုများလည်းရှိနေသည်ဟု စက်သုံးဆီအရောင်းဝန်ထမ်းတစ်ဦးကပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စက်သုံးဆီဆိုင်များတွင် အောက်တိန်း ၉၅နှင့် ၉၂ မှ ဝယ်ယူမရရှိတော့မှာ ၅ရက်ခန့်ရှိပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။ လက်ရှိ ဆိုင်အများစုတွင်လည်း ဆီလက်ကျန်မရှိတော့ကြောင်း ကြေညာထားသည်ဟု ၎င်းကဆက်ပြောသည်။

ထိုအတူမန္တလေးမြို့တွင်လည်း ဆိုင်အများစုတွင် အောက်တိန်း ၉၅ ဝယ်ယူ၍ မရဘဲ၊ တချို့ဆိုင်များတွင် အောက်တိန်း ၉၂ နှင့် ၉၅ နှစ်မျိုးလုံးဝယ်မရတော့ကြောင်း မန္တလေးမြို့ခံများကပြောသည်။ သို့သော်လည်း အချို့ဆိုင်များတွင် ဝယ်ယူ၍ ရသေးသည်ဟုလည်း သိရသည်။
စစ်ကောင်စီက ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်မှုမရှိနိုင်ကြောင်းနှင့် မေ ၁၉ ရက်တွင် တန် ၁၆၀၀၀နှင့်အထက်ရှိသည့် သင်္ဘော လေးစီးဝင်ရောက်မည်ဟု ထုတ်ပြန်ထားသည်။
ထိုသင်္ဘောလေးစီးအနက် ဆီတန်ချိန် ၁၈၀၀၀ကျော်တင်ဆောင်လာသည့် MT Yu Dong သင်္ဘော၏ ကုန်ပိုင်ရှင်သည် သွင်းကုန်လိုင်စင်မရသေးကြောင့် သင်္ဘောဝင်ရောက်ခြင်းကို ပယ်ဖျက်ရန် စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က စီစဉ်ခဲ့သည်။
အဆိုပါဆီတင်သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားကြောင်း သင်္ဘောဆိုင်ရာသတင်းအချက်များမျှဝေနေသည့် vesselfinder ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။
လက်ရှိ စက်သုံးဆီဈေးသည် ရန်ကုန်မြို့တွင် အောက်တိန်း ၉၅ တစ်လီတာကို ၂၃၂၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာကို ၂၂၁၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၂၁၈၅ ကျပ်ပေါက်ဈေးရှိသည်။
စစ်တပ်အာဏာမသိမ်းခင်က ၂၀၂၁ဇန်နဝါရီ ၃၁ ရက်က အောက်တိန်း ၉၅ တစ်လီတာကို ၇၆၅ကျပ်၊ အောက်တိန်းတစ်လီတာကို ၆၅၅ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာကို ၇၀၅ကျပ်ပေါက်ဈေးရှိခဲ့သည်။ထိုကြောင့် ၁၅ လကျော်အတွင်း သုံးဆကျော် ဈေးတက်ခဲ့ခြင်းဖြစ်သည်။
